သတင်း

အာဏာသိမ်းခေါင်းဆောင်က ဗိုလ်ချုပ်ကြီးအချို့ကို စစ်တပ်မှ အနားပေး  

အာဏာသိမ်းပြီးစတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကို အကန့်အသတ်မဲ့ပြင်ဆင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လေတပ်အကြီးအကဲအပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်တချို့ကို ယခုရက်ပိုင်းအတွင်း စစ်တပ်မှ အနားပေးဖယ်ရှားလိုက်သည်။

အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၄ တွင် တပ်ချုပ်နှင့် ဒုတပ်ချုပ်သက်တမ်းကို အကန့်အသတ်မဲ့ပြင်ဆင်လိုက်ပြီး၊ ဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် စစ်တပ်ရာထူးများကို ၂ နှစ်အထိ သက်တမ်းတိုးထမ်းဆောင်စေရန် ညွှန်ကြားလွှာအသစ်ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် လေးနှစ်သာ တာဝန်ထမ်းဆောင်ရသေးသည်ဖြစ်ရာ အာဏာသိမ်းခေါင်းဆောင်အလိုရှိပါက နောက်ထပ်နှစ်နှစ် ဆက်ရှိနေမည်ဖြစ်သော်လည်း ဇန်နဝါရီ ၁၀ တွင် စစ်တပ်ရာထူးမှ ရုတ်တရက် အနားပေးခံလိုက်ရသည်။

သူ၏ နေရာတွင် လေတပ်စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်ကို ဗိုလ်ချုပ်ကြီးရာထူးတိုးပေးကာ အစားထိုးခန့်အပ်လိုက်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက Eleven သတင်းဌာနကို ယမန်နေ့တွင် ဖြေကြားထားသည်။ 

“တပ်မတော်ထုံးစံအတိုင်းပဲ ပြည့်တဲ့အချိန်မှာ ကာကွယ်ရေးဦးစီးချုပ် (လေ) က ကောင်စီဝင်အဖြစ်နဲ့ပဲ ဆက်ရှိပါတယ်။ နောက်ထပ် အောက်မှာရှိတဲ့ အရာရှိချုပ် (လေ) ကတော့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်တာပါပဲ။ အရင်တုန်းက ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ချိန်းသလိုပါပဲ” ဟု ၎င်းက ပြောသည်။​

အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်း မင်းအောင်လှိုင်က ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ နေရာကို ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် အစားထိုးခန့်အပ်ခဲ့သည်။

အာဏာသိမ်းခေါင်းဆောင်က လေတပ်အကြီးအကဲ အပြောင်းအလဲပြုလုပ်ခဲ့သည့်နည်းတူ ယခုရက်ပိုင်းအတွင်း၌ပင် စစ်ကောင်စီအတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကိုလည်း စစ်ဥပဒေချုပ်တာဝန်မှ အနားပေးလိုက်သည်။

စစ်တပ်ရာထူးမှ အနားပေးခံရသူ ဗိုလ်ချုပ်ကြီးနှစ်ဦးလုံးမှာ စစ်ကောင်စီအဖွဲ့တွင် ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုထားသည်။ 

လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို သက်တမ်းပြည့်သဖြင့် အနားပေးလိုက်ခြင်းသာ ဖြစ်သည်ဟု ယူဆကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“မကြိုက်လို့ ဒါမှမဟုတ် နောက်တက်လာမဲ့သူကို သုံးကြည့်ချင်လို့ သက်တမ်းထပ်မတိုးတဲ့သဘော ဖြစ်မှာပါ။ နောက်တက်လာတဲ့သူက သဘောထား တော်တော်ပျော့ပျောင်းပြီး Good natured လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

လေတပ်အကြီးအကဲ အပြောင်းအလဲပြုလုပ်ချိန်တွင် နိုင်ငံတစ်ဝန်းဖြစ်နေသော တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအားကိုးလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ 

ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများဖြစ်ကြသည့် တင်အောင်စန်း၊ အောင်းလင်းဒွေးနှင့် မောင်မောင်ကျော်တို့နည်းတူ စစ်တပ်ရာထူးမှ ဖယ်ရှားခံရသူတစ်ဦးမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်ပြီး အာဏာသိမ်းပြီးလျှင်ပြီးချင်း တပ်မတော်၌ နံပါတ်သုံးအဆင့်ဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။

တစ်ချိန်တွင် တပ်ချုပ်ဖြစ်လာနိုင်သည်ဟုပင် တစ်ပေးခံခဲ့ရသူ ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ အာဏာသိမ်းပြီးနောက် တပ်ရာထူးမှ လျှောကျကာ ကာကွယ်ရေးဝန်ကြီးအဖြစ်သာ ခန့်အပ်ခံခဲ့ရသည်။ ၎င်းသည် တပ်မတော်ထိပ်တန်းရာထူးများဖြစ်သော စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် ညှိကွပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်များကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – EPA/EFE) 

စစ်တပ်ထိပ်တန်းတာဝန်များမှ ဖယ်ရှားခံရသူ ဗိုလ်ချုပ်ကြီးများဖြစ်သည့် မြထွန်းဦး၊ တင်အောင်စန်း၊ မောင်မောင်ကျော်နှင့် အောင်လင်းဒွေးတို့မှာ အာဏာသိမ်းစစ်ကောင်စီတွင် အဖွဲ့ဝင်နှင့် အတွင်းရေးမှူးအဖြစ် ဆက်ရှိနေမည် ဖြစ်သည်။

တစ်နည်းအားဖြင့် ၎င်းတို့နေရာတွင် အစားထိုးခန့်အပ်ခံရသည့် စစ်ဗိုလ်ချုပ်များမှာ တပ်ပိုင်းဆိုင်ရာတာဝန်သာ ထမ်းဆောင်ရမည်ဖြစ်ပြီး၊ စစ်ကောင်စီ၌သော်လည်းကောင်း၊ အစိုးရအဖွဲ့တွင်သော်လည်းကောင်း တာဝန်ပေးအပ်ခြင်း မခံရသေးပေ။

စစ်ကောင်စီအဖွဲ့အတွင်း စစ်ဘက်ဆိုင်ရာတာဝန် ဆက်ယူနေရသူနှစ်ဦးမှာ လက်ရှိ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးဖြစ်သည်။

အာဏာသိမ်းပြီးနောက် လေ့ကျင့်အရာရှိချုပ်အပြင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာသူ ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှာမူ စစ်ကောင်စီအဖွဲ့တွင် ပါဝင်ခြင်း မရှိပေ။ ၎င်းသည် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့နှင့်အတူ စစ်တက္ကသိုလ် အတူတူတက်ရောက်ခဲ့သူ ဖြစ်သည်။

တပ်မတော်အရန်အင်အားတွင် ထည့်သွင်းခံထားရသည့် စစ်ယူနီဖောင်းဝတ်၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးနှစ်ဦးဖြစ်သည့် မြထွန်းဦးနှင့် တင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ထားသော်လည်း လေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို မည့်သည့်ရာထူးတာဝန် ထပ်ပေးမည်ဖြစ်ကြောင်း မသိရသေးပေ။ 

လုပ်ရုံးလုပ်စဉ်အနေဖြင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းရာထူးမှ အနားပေးခံရသူများကို စစ်ယူနီဖောင်းဆက်ဝတ်စေလျက် အရန်အင်အားတွင် ထည့်သွင်းထားကာ လိုအပ်သည့်နေရာတွင် အသုံးပြုလေ့ရှိသည်ကို တွေ့ရသည်။

ဥပမာအားဖြင့် အာဏာမသိမ်းမီကတည်းက တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ခံရသူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ကို အာဏာသိမ်းပြီးနောက် ရာထူးတာဝန်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဗိုလ်ချုပ်ကြီးရာပြည့်ကို အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ခန့်အပ်ထားသည့်နည်းတူ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကိုလည်း နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ပေးထားသည်။

အာဏာသိမ်းပြီးရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကို အကန့်အသတ်မရှိ ပြင်ဆင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို မကြာခဏ အပြောင်းအလဲပြုလုပ်နေသည်မှာ အာဏာမသိမ်းမီကတည်းက ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၇ ခုနှစ်မှစ၍ ၎င်းထက် များစွာငယ်ရွယ်သော အသက် ၄၀ ကျော် ၅၀ စွန်းစွန်း စစ်ဗိုလ်ချုပ်များကို အလွန်အရေးပါအရာရောက်သော ထိပ်တန်းရာထူးများ ပေးသည့်နည်းဖြင့် တပ်တွင်းဩဇာ အခိုင်အမာတည်ဆောက်ထားသည်။

လက်ရှိအချိန်တွင် စစ်တပ်တွင်း၌ ထိပ်တန်းရာထူးများ ပေးအပ်ခံထားရသူများသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စိတ်ကြိုက်ရွေးချယ်ထားသည့် လူငယ်ဗိုလ်ချုပ်များဖြစ်သည်။

အနီးကပ်ဆုံး လူယုံတော်တစ်ဦးဖြစ်သည့်ပြင် အနာဂတ်တပ်ချုပ်လောင်းဖြစ် ထင်ကြေးပေးခံထားရသူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ တပ်မတော်၌ နံပါတ် ၄ အဆင့် အရေးပါဆုံးရာထူးဟုဆိုနိုင်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သည်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၀ တက်ရောက်ခဲ့သူ မိုးမြင့်ထွန်းမှာ အာဏာသိမ်းခေါင်းဆောင်ထက် အသက် ၁၀ နှစ်ကျော် ငယ်ရွယ်သူလည်းဖြစ်သည်။ ၎င်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့ဝင်အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ထားသည်။

ထို့အတူ ၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့သူ အသက် ၅၀ ကျော်အရွယ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကို အာဏာသိမ်းပြီးနောက် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် ခန့်အပ်ထားသည်။ ၎င်းသည် စစ်ကောင်စီ၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် ရေတပ်အကြီးအကဲဖြစ်လာသူ ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် စစ်ရေးချုပ်ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းတို့မှာ စစ်ကောင်စီတက္ကသိုလ် အပတ်စဉ် ၂၈ တက်ရောက်ခဲ့သူများဖြစ်ကာ အာဏာသိမ်းခေါင်းဆောင်ထက် ကိုးနှစ်နီးပါး ငယ်ရွယ်သူများဖြစ်သည်။

နောက်ထပ် ထိပ်တန်းရာထူးတစ်ခုဖြစ်သည့် စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခံထားရသူမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၅ တက်ရောက်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်သည်။ ၎င်းမှာ တပ်မတော်၌ အသက်အငယ်ဆုံးသော ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ 

အာဏာသိမ်းခေါင်းဆောင်အနေဖြင့် ၎င်းစိတ်ကြိုက် ခြယ်လှယ်နိုင်ရန် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို မကြာခဏ အပြောင်းအရွှေ့ပြုလုပ်ကာ စစ်တပ်ရာထူး၊ စစ်ကောင်စီနှင့် အစိုးရအဖွဲ့တွင် နေရာချထားနေခြင်းဖြစ်သည်ဟု ယူဆရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button