"ကချင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတယ်၊ မူးယစ်ဆေးက အလွယ်တကူ ရနေတယ်"

UNAIDS အဖွဲ့ မြန်မာပြည်ဆိုင်ရာတာဝန်ခံ Mr. Eamonn Murphy
UNAIDS အဖွဲ့ မြန်မာပြည်ဆိုင်ရာတာဝန်ခံ Mr. Eamonn Murphy

ရန်ကုန် - ဒေသတွင်း HIV ပြန့်ပွားမှု အမြင့်ဆုံး ၅ နိုင်ငံအတွင်းမှာ မြန်မာ ပါနေဆဲဖြစ်ပြီး၊ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်တဲ့ အုပ်စုတွေထဲ HIV ပြန့်ပွားမှုနှုန်းမှာ ရန်ကုန်မြို့က ဗန်ကောက်မြို့ထက် များနေတယ် လို့ ကုလသမဂ္ဂ UNAIDS အဖွဲ့ကြီးရဲ့ မြန်မာပြည်ဆိုင်ရာတာဝန်ခံ Mr. Eamonn Murphy က ပြောပါတယ်။

ဒီအဖွဲ့ကြီးက မြန်မာအစိုးရ၊ နိုင်ငံတကာ အဖွဲ့၊ အစည်းတွေ၊ အရပ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ HIV ကာကွယ်တားဆီး ကုသရေး လုပ်ငန်းတွေ အောင်မြင်ရေး လုပ်ဆောင်လျက် ရှိပါတယ်။

အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာတာဝန်ခံက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Myanmar Now နဲ့ တွေ့ဆုံစဉ်မှာ HIV ကာကွယ်တားဆီးရေး၊ ကုသရေး လုပ်ငန်းများရဲ့ လက်ရှိ အခြေအနေ၊ အနာဂတ် အလားအလာတို့အကြောင်း ပြောပြထားပါတယ်။

မေး - HIV ကူးစက်မှုနှုန်း၊ HIV ကြောင့် သေဆုံးနှုန်း မြင့်တက်လာသလား၊ လျော့ကျသွားလား။

ဖြေ - တဖြည်းဖြည်း ကျလာနေတယ်။ လက်ရှိမှာ ငြိမ်နေတဲ့သဘောရှိတယ်။ အင်တိုက်အားတိုက်နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လက်ရှိအနေအထားထက် ကျဆင်းသွားအောင်လုပ်ဖို့ လိုအပ်ပါတယ်။ အသစ်ဖြစ်ပွားနှုန်းကလည်း ၂ဝ၁ဝ ကနေ ကြည့်မယ် ဆိုရင် ၂၄ ရာခိုင်နှုန်းလောက် ကျလာတယ်။ လူသေဆုံးတဲ့နှုန်းကလည်း ၂ဝ၁ဝ ကနေ ကြည့်မယ်ဆိုရင် ၄ဝ ရာခိုင်နှုန်းလောက် ကျလာတယ်။ ပြီးတော့ သုံးနှစ်အတွင်းမှာ ဆိုရင်လည်း ART ဆေးတွေကို နှစ်ဆနှုန်းလောက် အထိ တိုးပြီးတော့ ပေးလာနိုင်တယ်။ ဒါက ကောင်းတဲ့အချက်ပါ။ အောင်မြင်မှုရနေတဲ့ အခြေအနေပါ။

မေး - အစိုးရရဲ့ပူးပေါင်းပါဝင်မှုကရော ဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ - အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားကောင်းနေတဲ့ အခြေအနေပါ။ အကောင်းဆုံးအချိန်လို့လည်း ပြောလို့ရပါတယ်။ အစိုးရရဲ့အမြင်ကလည်း HIV ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်နဲ့ လိုအပ်တဲ့ ရည်မှန်းချက်တွေ ရောက်ဖို့အတွက်ကို နည်းလမ်းအသစ်တွေ ရှာဖွေလုပ်နေတယ်။ HIV/AIDS နဲ့ ပတ်သက်တဲ့ အမျိုးသားမဟာဗျူဟာစီမံကိန်းကြီးလည်း ရှိနေတဲ့အတွက် အားကောင်းနေတယ်။ အောက်ခြေအဆင့်အထိကို ART ဆေးရရှိရေး လုပ်ငန်းတွေလည်း ရှိနေတယ်။ ရောဂါဖြစ်ပွားမှုများတဲ့ မြို့နယ်တွေကို ဦးစားပေးပြီး HIV တုန့်ပြန်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာ ရှိတယ်။ အစိုးရက ဦးဆောင် ဦးရွက်လုပ်ပြီး အဖွဲ့အစည်းအကုန်လုံး ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာတွေက တိုးတက်လာတယ်လို့ မြင်ပါတယ်။

မေး - HIV ပြန့်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေတာ ဘယ်မြို့တွေလဲ။

ဖြေ - ဘယ်မြို့နယ်တွေက အမြင့်ဆုံးဆိုတာ ပြောဖို့ကခက်တယ်။ HIV ပြန့်ပွားမှုနှုန်း အမြင့်ဆုံးရှိတဲ့ မြို့နယ်တွေ၊ အသင့်အတင့်ရှိတဲ့ မြို့နယ်တွေ၊ အနည်းဆုံးရှိတဲ့ မြို့နယ်တွေ ဆိုပြီးတော့မှ ကျွန်တော်တို့ သတ်မှတ်ထားတယ်။ အခုဆိုရင် အမြင့်ဆုံးမြို့နယ် ၈၄ မြို့နယ် ရှိတယ်။

မေး - HIV ဖြစ်ပွားမှုနှုန်းကို လျှော့ချဖို့ ဘယ်ဒေသတွေကို အဓိကထား လုပ်ရမလဲ။

ဖြေ - အစိုးရဘက်ကလည်း အဓိကထားပြီးတော့ လုပ်ရမယ့် ၈၄ မြို့နယ်ဆိုပြီးတော့ သတ်မှတ်ထားတာ ရှိတယ်။ ကချင်၊ ရှမ်းတို့လို မြို့နယ်တွေဆိုရင် မူးယစ်ဆေးသုံးစွဲတဲ့သူတွေ များတဲ့အခါကျတော့ HIV ပြန့်ပွားမှုနှုန်း များတယ်။ ဥပမာ မန္တလေးဆိုရင် မူးယစ်ဆေးသုံးစွဲတဲ့အုပ်စုတွေ၊ လိင်လုပ်သားတွေ ရှိမယ်၊ ပြီးတော့ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်တဲ့ အုပ်စုတွေလည်းများတော့ အဲဒီ အုပ်စုတွေ ဆိုရင်လည်း HIV ပြန့်ပွားမှုနှုန်း လျှော့ချရေးတွေ ဆက်လုပ်ဖို့ လိုအပ်တယ်။ ရန်ကုန်မှာဆိုရင် မူးယစ်ဆေးသုံးစွဲတဲ့သူတွေလည်း ရှိမယ်၊ လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေလည်း များနိုင်တယ်။ မြို့နယ်ရဲ့ ကူးစက်မှုနှုန်းကို ကြည့်ပြီးတော့မှ ဘယ်အချိန်၊ ဘယ်မြို့နယ်တွေမှာ ဘယ်လိုမျိုး ဝန်ဆောင်မှုတွေ လိုအပ်တယ် ဆိုတာကို အစိုးရဘက်ကနေ ဝန်ဆောင်မှုတွေ ပေးတယ်။

မေး - HIV နဲ့ပတ်သက်တဲ့ အသိပညာပေးရာမှာ ဘယ်အုပ်စုကို အဓိကထားပြီး လုပ်ရမယ်လို့ မြင်လဲ။

ဖြေ - အုပ်စုတစ်ခုတည်းကို လုပ်လို့ မရဘူး၊ အကုန်လုံးကို လုပ်ရမယ်။ မူးယစ်ဆေးသုံးစွဲတဲ့အုပ်စုဆိုရင် HIV ပြန့်ပွားမှုနှုန်းက ၂၈.၅ ရာခိုင်နှုန်း ရှိတယ်။ ဆေးသုံးစွဲတဲ့လူဦးရေခန့်မှန်းချက်က ၈၃,ဝဝဝ လောက် ရှိတယ်။ ပြီးတော့ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်တဲ့ ဦးရေက ၂၅၂,ဝဝဝ လောက် ရှိတယ်။ ပစ်မှတ်ထားရမယ့် အုပ်စုတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့နဲ့ ပတ်သက် ဆက်နွယ်နေတဲ့သူတွေပေါ့။ အထူးသဖြင့် သူတို့ရဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ။ နောက်ပြီးတော့ သူတို့မှာလည်း အမြဲတမ်း လိင်ဆက်ဆံဖက်တွေ ရှိမယ်၊ နောက် လိင်လုပ်သားတွေဆိုရင်လည်း သူတို့နဲ့ လာဆက်ဆံနေတဲ့ ဖောက်သည်တွေကိုလည်း ပစ်မှတ်ထားရပါမယ်။

မေး - မြန်မာနိုင်ငံရဲ့ HIV ဖြစ်ပွားမှုနှုန်းက အာရှပစိဖိတ်ဒေသတွင်းမှာ ဆိုရင် ဘယ်အတိုင်းအတာမှာ ရှိနေလဲ။

ဖြေ - အာရှပစိဖိတ်ဒေသတွင်းမှာဆိုရင် မြန်မာက အမြင့်ဆုံး ၅ နိုင်ငံအတွင်းမှာ ပါနေတုန်းပဲ။ မြို့နယ် တစ်ခုချင်းစီရဲ့ အဖြေကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်တဲ့ အုပ်စုတွေထဲမှာ HIV ပြန့်ပွားမှုနှုန်းက ရန်ကုန်က ဗန်ကောက်ထက်တောင် များနေတယ်။ လိင်လုပ်သားတွေ ကြားထဲမှာ ရန်ကုန်က ဒုတိယအမြင့်ဆုံး ဖြစ်နေတယ်။ မူးယစ်ဆေး အကြောထဲထိုးသွင်းတဲ့ အုပ်စုထဲမှာ ဆိုရင်လည်း HIV ပြန့်ပွားမှုနှုန်းက ဝိုင်းမော်မြို့ဆိုရင် အမြင့်ဆုံး အဆင့် ၄ မှာ ရှိနေတယ်။ အမြင့်ဆုံး ရှိနေတဲ့ မြို့နယ်တွေကိုလည်း ဦးစားပေးပြီးတော့ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းတွေ အရှိန်အဟုန်မြင့် လုပ်ဖို့ လိုအပ်တယ်။

မေး - ဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေတာ ဘာကြောင့်လို့ ထင်လဲ။

ဖြေ - ဒါက ရောထွေးနေတဲ့ ကိစ္စဖြစ်တယ်။ ဥပမာ မူးယစ်ဆေးသုံးစွဲနေတဲ့အုပ်စုက ကချင်ပြည်နယ်မှာ ဆိုရင် များတယ်။ ဘာကြောင့်များလဲဆိုရင် လူငယ်တွေအတွက်က ကချင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတယ်၊ မူးယစ်ဆေးက အလွယ်တကူ ရနေတယ်။ ရလွယ်လွန်းတော့ သုံးစွဲမိတာလည်း ဖြစ်သွားနိုင်တယ်ပေါ့။ လိင်အလုပ်သမားတွေ ရှိမယ်၊ အမျိုးသားအချင်းချင်း ချစ်ခင် စုံမက်တဲ့ အုပ်စုတွေ ရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူလူထုက အဲဒီကိစ္စနဲ့ပတ်သက်ရင် မပြောချင်၊ မကြားချင်ဘူးပဲ ပြောတယ်။ မကြားချင်၊ မသိချင်တော့ သူတို့ပတ်သက်ရင် ဘယ်လိုနားလည်လို့ရမလဲ။ သူတို့နဲ့ပတ်သက်တဲ့ ကျန်းမာရေးကိစ္စတွေကို မဆွေးနွေးချင်တဲ့ အတွက်ကြောင့်မို့လို့ မသိနိုင်ဘူး။ ဒီအုပ်စုတွေဆိုတာက မြန်မာနိုင်ငံမှာတင် မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးမှာလည်း ရှိနေတယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့က ခွဲခြားဆက်ဆံဖို့ မဟုတ်ဘဲနဲ့ သူတို့ ရှိနေတာကို အသိအမှတ်ပြုပြီးတော့ သူတို့နဲ့ ပတ်သက်တာကို ကျွန်တော်တို့ လေ့လာရမယ်။ သိရမယ်။

မေး - လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ခက်ခဲနေတဲ့ ဒေသရှိလား။

ဖြေ - လူတွေကို သွေးစစ်ဖို့ တိုက်တွန်းရတာက စိန်ခေါ်မှုအဖြစ်ဆုံးပဲ။ ပြီးရင် ကာကွယ်ရေးဝန်ဆောင်မှုတွေ ပေးရတာကလည်း စိန်ခေါ်မှုတွေ ဖြစ်နေတယ်။ ကုသမှုကို ပြန်ကြည့်မယ် ဆိုရင်တော့ ART ဆေး အရင်ကထက်စာရင် ပေးနိုင်တဲ့ အရေအတွက်ကလည်း အများကြီး ဖြစ်လာပြီးတော့ ပေးလည်းပေးနိုင်နေပြီ။ ဒါက အောင်မြင်မှုရနေတဲ့ အခြေအနေ ဖြစ်နေတယ်။ သို့သော်လည်း လူတွေကို HIV ရှိမရှိ သွေးစစ်ခိုင်းဖို့ကတော့ အခက်အခဲ ဖြစ်နေတုန်းပဲ။ HIV ဖြစ်ရင် ခွဲခြားနှိမ့်ချ ဆက်ဆံခံရမှာ ကြောက်တဲ့အတွက်ကြောင့် သွေး မစစ်ချင်ဘူး။ ရောဂါဖြစ်တာကိုလည်း မသိချင်ဘူး။ တချို့ဆိုရင်လည်း သွေးစစ်ပြီးလို့ ရောဂါရှိမှန်း သိရင်တောင် နေကောင်းနေသေးတယ်ဆိုရင် ဆေးလည်း သွားမကုချင် ဘူးပေါ့။ ဆေးခန်း သွားတယ်၊ ဆေးကုတယ်ဆိုတာ ရုံးကသိရင် အလုပ်ဖြုတ်လိုက်မှာကို ကြောက်တဲ့အတွက် ကုသမှုကို မယူတာလည်း ရှိတယ်။ စောစောစီးစီး သွေးစစ်လို့ ရောဂါရှိမှန်း သိပြီး စောစောစီးစီး ကုသမှုကို ခံယူမယ်ဆိုရင် တခြားရောဂါတွေလည်း ဘာမှ ဖြစ်စရာ အကြောင်း မရှိဘူး။ HIV နဲ့ပတ်သက်တဲ့ရောဂါတွေ ဝင်လာမှာကို ကာကွယ်ရာ ရောက်တယ်။ စောစောစီးစီး ကုသတဲ့သူဟာ သူ့သွေးထဲမှာ ရောဂါပိုးတွေ တော်တော် နည်းသွားမယ်၊ တခြားလူတွေ ကိုလည်း ကူးစက်မှုနှုန်း လျော့ကျသွားနိုင်တယ်။

မေး - မြန်မာနိုင်ငံမှာ HIV အရေး လုပ်နေတဲ့ အဖွဲ့တွေ အများကြီးရှိနေတာ ဘယ်လို သက်ရောက်မှု ရှိလာမလဲ။

ဖြေ - နောက်ပိုင်းကျရင်တော့ အစိုးရဘက်ကပေးတဲ့ ဝန်ဆောင်မှုကိုပဲ အားကိုးရမဲ့အနေအထား ရှိနေတယ်။ ဒါကြောင့်မို့လို့ လက်ရှိ NGO မှာ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေဆိုရင်လည်း အစိုးရဘက်ကို လွှဲပြောင်းပေးတာတွေ ရှိနေတယ်။ တချို့ ART သောက်နေတဲ့လူတွေဆိုရင် အစိုးရဘက်ကို လွှဲပြောင်းပေးနေတာတွေလည်း ရှိတယ်။ အစိုးရဘက်က ရေရှည် အများကြီးပေးနိုင်တယ်။ နောက်တစ်ချက်ကျတော့ အစိုးရဘက်က မလုပ်နိုင်တဲ့ အင်အားတွေရှိတယ်။ ဥပမာ ကာကွယ်ရေးလုပ်ငန်းတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေကြားထဲမှာ လုပ်ဆောင်နေတဲ့ အန္တရာယ်လျှော့ချရေးလုပ်ငန်းတွေ ဆိုရင်လည်း ဒီနေ့အထိ အစိုးရက လုပ်နိုင်တဲ့ အခြေအနေက နည်းပါးတယ်။ ဥပမာ တချို့ ဦးတည်အုပ်စုဝင်တွေ ဆိုရင် အစိုးရဌာနတွေဆီကို သွားဖို့က ဝန်လေးတတ်ကြတယ်။ အဲဒီလိုမျိုးဆိုရင် NGO လိုမျိုး အဖွဲ့အစည်းက ပေးနေတဲ့ ဝန်ဆောင်မှုကို ယူတာက ပိုပြီးတော့ ကြိုက်နှစ်သက်ကြတယ်။ ကုသရေးလုပ်ငန်းနဲ့ပတ်သက်ရင် ကျွန်တော်တို့က HIV နဲ့ အသက်ရှင် နေထိုင်ကြတဲ့ ဘဝတူတွေ လိုအပ်တယ်။ အချင်းချင်း ဆေးသောက်တဲ့ကိစ္စတွေမှာ ကူညီပေးလို့ ရတယ်။ HIV ကုသရေးနဲ့ ဆေးသောက်တဲ့လုပ်ငန်းတွေက သုံးလ၊ ခြောက်လလောက်နဲ့ပြီးတာ မဟုတ်ဘူး၊ ရေရှည် တစ်သက်လုံး သောက်ရမယ့်လုပ်ငန်း ဖြစ်တာကြောင့် သူတို့ ဘဝတူအချင်းချင်း ကူညီပေးတာက အရမ်း အရေးကြီးတယ်။ ဒါကြောင့် ဘဝတူအဖွဲ့အစည်းတွေကလည်း သူတို့အခန်းကဏ္ဍနဲ့ သူတို့ ရှိနေတယ်။ ခြုံပြီးပြောရရင် ကျွန်တော်တို့က ခုနက ပူးပေါင်းမှုတွေလိုမျိုး လိုအပ်တယ်၊ တစ်ခုတည်းလုပ်လို့ မရဘူး။ အဖွဲ့ပေါင်းစုံက သူ့ရဲ့ကဏ္ဍအလိုက် ပူးပေါင်းလုပ်ဆောင်တာက ပိုပြီးတော့ ကောင်းတယ်။ ရေရှည်ကျရင်တော့ အစိုးရက လုပ်နိုင်ရင်လုပ်နိုင်သလို နိုင်ငံတကာအဖွဲ့အစည်းတွေက နောက်ပြန်ဆုတ်ရင်လည်း ဆုတ်သွားနိုင်တယ်။ နည်းပညာပံ့ပိုးတဲ့အပိုင်းက ရပ်တည်လို့ ရတယ်။ လက်ရှိမှာ ဆက်ပြီး လိုအပ်နေမှာက NGO/INGO လိုမျိုးအဖွဲ့အစည်းတွေ လိုမယ်။ အရပ်ဖက်အဖွဲ့ အစည်းလိုမျိုးတွေကတော့ ဆက်ရှိနေဦးမှာပဲ။

မေး - HIV ကုသရေးအတွက် သစ်ဥ သစ်ဖု လိုမျိုး ဆေးတွေနဲ့ အမြစ်ပြတ်အောင် ကုနိုင်တယ် ဆိုတဲ့ ကြော်ငြာတွေနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။

ဖြေ - ဒီလိုမျိုးအမြင်မှားမှုတွေကတော့ မြန်မာနိုင်ငံမှာတင်မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးမှာ ရှိနေတယ်။ သတင်းအချက်အလက် အမှားပေးတာပေါ့၊ ဒါနဲ့ကုရင်ပျောက်တယ်၊ ဟိုဟာနဲ့ကုရင်ပျောက်တယ် ဆိုတာမျိုးပေါ့။ တချို့ကျတော့လည်း ယုံကြည်မှုနဲ့လုပ်တာ၊ တချို့ကျတော့လည်း ပိုက်ဆံရှာချင်လို့ လိမ်ပြီး လုပ်တာတွေလည်း ရှိတာပေါ့။ သိပ္ပံနည်းကျ ဘာပြောလဲ ဆိုတာကိုပဲ ယုံကြည်ရမယ်။ ဒီနိုင်ငံအရကြည့်မယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူအတွက် အသင့်တော်ဆုံး ကုသမှုနည်းလမ်းကဘာလဲ ဆိုတာကို သတ်မှတ်ပေးလိမ့်မယ်။ အဲဒီကပေးတဲ့ သတင်းအချက်အလက်ကို ကျွန်တော်တို့ ကြည့်ရမယ်။ ဒါကိုသုံးသင့်တယ် ဒါကိုမသုံးသင့်ဘူး ဆိုတာကို လမ်းညွှန်ချက်တွေ ပေးလိမ့်မယ်။ အဲဒါက သတင်းအမှန်ပဲ။ ပထမဦးဆုံး ပြည်သူလူထုအနေနဲ့ သတင်းအချက်အလက်တွေရှိလို့ မသေချာရင် တကယ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို တိုင်ပင်ဆွေးနွေးပြီးတော့ ဒါက ကိုယ့်ကျန်းမာရေးအတွက် အကျိုးပြုသလား အကျိုးယုတ်သလားဆိုတာကို ဝေဖန်ပိုင်းခြားဖို့ လိုအပ်တယ်ပေါ့။ HIV မှ မဟုတ်ဘဲ ဘယ်ရောဂါမဆို အဲဒါကို မေးကြည့်သင့်ပါတယ်။

မေး - သက္ကရာဇ် ၂ဝ၃ဝ မှာ AIDS က ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်တဲ့ ရောဂါ မဖြစ်အောင် လုပ်ဆောင်သွားမယ် ဆိုတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မျှော်မှန်းချက်အကြောင်း ရှင်းပြပါဦး။

ဖြေ - တကယ်လို့ အစိုးရက လိုအပ်တဲ့ အရင်းအမြစ်တွေ အလုံအလောက်ရှိမယ်၊ ပြုပြင်ပြောင်းလဲသင့်တဲ့ ပေါ်လစီတွေဆိုရင်လည်း ပြုပြင်ပြောင်းလဲပြီး၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ လိုအပ်တာ လုပ်ပေးနိုင်တယ်ဆိုရင် ၂ဝ၃ဝ မှာ AIDS ရောဂါ နဲ့ပတ်သက်ပြီးတော ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်တဲ့ရောဂါတစ်ခုအဖြစ် မမြင်နိုင်တော့တဲ့ အခြေအနေတစ်ခုကို ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ သိရမှာက HIV ရောဂါပိုးဆိုတာက အရှင်းမပျောက်သေးဘူး။ ဒါကြောင့်မို့လို့ HIV နဲ့အသက်ရှင်နေတဲ့သူကတော့ ဆက်ရှိနေမှာပဲ။ ၂ဝ၃ဝ ကိုရည်မှန်းထားတယ်ဆိုတာက HIV ကို လုံးဝ အရှင်းပျောက်တယ်လို့ ပြောချင်တာ မဟုတ်ဘူး။ လူတိုင်းမှာ ကုသမှုတွေရမယ်၊ HIV ဖြစ်ပွားနှုန်းတွေ ကျလာမယ်၊ ဆေးကုသမှုတွေ မြင့်တက်လာမယ် ဆိုတာကို ပြောချင်တာ။ အစိုးရဆိုတဲ့နေရာမှာ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းကို ပြောချင်တာမဟုတ်ဘူး၊ တခြား သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပါမယ်။ လွှတ်တော်အပိုင်းကလည်း အရေးကြီးပါတယ်။ ဥပဒေပြုရေးအပိုင်းမှာ HIV ဥပဒေ ဆိုပြီးတော့ လုပ်ထားတာရှိတယ်။ ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေ ပိုပြီးတော့ ပပျောက်အောင်လို့ ဒီဥပဒေကလည်း ကူညီနိုင်မယ်လို့ ယုံကြည်တယ်။ ။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading