သတင်း

လွိုင်ကော်ကို စစ်ကောင်စီ ဗုံးထပ်ကြဲ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ကို ယနေ့ (ဇန်နဝါရီ ၁၁) ညနေပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်သည်။

ညနေပိုင်း ၁၆ မိနစ်ကြာ အချိန်အတွင်း ဗုံး ၇ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးနှင့် ဒေသခံကာကွယ်ရေးအဖွဲ့တို့က အတည်ပြုသည်။

တိုက်လေယာဉ်နှစ်စီး အရှေ့အရပ်သို့ ပျံတက်သွားသည်ကို တွေ့လိုက်ရပြီး ၂ မိနစ်ဝန်းကျင်အကြာတွင် ဗုံးကြဲသံများ ဆက်တိုက်ထွက်ပေါ်လာကြောင်း ၎င်းတို့ထံမှ သိရသည်။

နိုင်ငံ၏မြို့တော်သစ် တည်ရှိသော၊ စစ်ခေါင်းဆောင်များ ရုံးစိုက်သော နေပြည်တော်နှင့် မိုင် ၁၂၀ ခန့်သာ ကွာဝေးသော လွိုင်ကော်မြို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကြား တစ်နေကုန် တိုက်ပွဲဖြစ်နေစဉ် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

တိုက်ပွဲမှာ​ မိုင်းလုံးရပ်ကွက်နှင့် အနီးရှိ ဒေါဥခူရပ်ကွက်တို့တွင် ဖြစ်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲက မနားကို မနားသေးတာ။ အခုထိကို လောလောဆယ်တော့ ဒေါဥခူ(ရပ်ကွက်)ဘက်ကိုတောင် ကူးလာပြီ စစ်မီးက၊ တစ်နေကုန်ပဲ။ အခု ၅ နာရီ ၄၅ မှာ ဂျက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲသွားတယ် လွိုင်ကော်မြို့ကို” ဟု ၎င်းက ပြောသည်။

တိုက်ပွဲစသည့် နံနက်အစောပိုင်းကတည်းကပင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ထိုသူက ဆက်ပြောသည်။ ပူးပေါင်းတပ်များဘက်မှ သေဆုံးသူအချို့ရှိသော်လည်း အရေအတွက် အတိအကျမသိရသေးကြောင်း အထက်ပါ KNDF တာဝန်ရှိသူက ဆိုသည်။

လွိုင်ကော်မြို့တွင် ဇန်နဝါရီ ၇ မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် ၅ ရက်မြောက်ဖြစ်သည်။

အနီးဝန်းကျင်ရှိ ဒီးမော့ဆိုနှင့် ရှားတောမြို့နယ်များတွင် ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများဆက်နေပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လက်နက်ကြီးများ သုံးနေသည်။

ဇန်နဝါရီ ၇ ရက်မှစ၍ ၁၀ ရက်နေ့အထိ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများတွင် စစ်တပ်ဘက်က ၄၀ ခန့် သေဆုံးပြီး ကရင်နီပူးပေါင်းတပ်များဘက်က အနည်းဆုံး ၃ ဦးသေဆုံးကြောင်း၊ ပြည်သူ ၆ ဦးလည်း သေဆုံးခဲ့ကြောင်း KNDF သတင်းထုတ်ပြန်ချက်အရ သိရသည်။

အရပ်သားပစ်မှတ်ကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုမူ မေး၍ မရသေးပေ။

ဇန်နဝါရီ ၈ ရက်ကလည်း စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လွိုင်ကော်မြို့ကို ပစ်ခတ်ခဲ့သေးသည်။

လွိုင်ကော်မြို့တွင်းတိုက်ပွဲများကြောင့် မြို့နေလူထုထက်ဝက်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

လွိုင်ကော်မြို့တွင်း တိုက်ပွဲစတင်သည့် ဇန်နဝါရီ ၇ တွင် မြန်မာထိုင်းနယ်စပ် နန်းပန်ချောင်းအနီး စစ်တပ်ခြေကုပ်စခန်းဖြစ်သည့် နတ်တောင်စခန်းကို ကရင်နီတပ်မတော် (KA) က တိုက်ခိုက်သိမ်းယူခဲ့စဉ်ကလည်း စစ်တပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNPP ထိန်းချုပ်နယ်မြေအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် ၁၂၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရသည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။

စစ်တပ်က တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကို အမြန်ဆုံးအရေးယူသွားရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အမြန်ဆုံးကူညီပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဇန်နဝါရီ ၇ ရက်တွင် တောင်းဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း အလားတူ တောင်းဆိုထားဖူးသည်။

ပြည်နယ်နှင့် တိုင်းဒေသ ခြောက်ခုထက်မနည်းတွင် ပြင်းထန်သော ခုခံတော်လှန်မှုများကို လနှင့်ချီ ရင်ဆိုင်လာရပြီးနောက် မြေပြင်စစ်ကြောင်းများ အထိနာလာချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အားကိုးလာသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button