"မသန်စွမ်းတွေရဲ့အားနည်းချက်ကိုသာမက အားသာချက်တွေကိုလည်း မြင်ပေးပါ"

မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ တည်ထောင်သူ ကိုနေလင်းစိုး
မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ တည်ထောင်သူ ကိုနေလင်းစိုး

ရန်ကုန် – မြန်မာပြည်မှာ မသန်စွမ်းသူ ၂၃ သိန်း ရှိတယ်၊ ဒါဟာ နိုင်ငံလူဦးရေရဲ့ ၄.၆ % ဖြစ်တယ်လို့ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကို တည်ထောင်သူ ကိုနေလင်းစိုးက ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကားပြီး ပြောပါတယ်။

မသန်စွမ်းတဲ့သူတွေရဲ့ဘဝအခြေအနေတိုးတက်လာရေးကို နောင်မှ စီစဉ်မယ်၊ ဘတ်ဂျက် အဆင်ပြေမှ လုပ်ပေးမယ်ဆိုတဲ့စိတ်မျိုး မမွေးကြဖို့လည်း သူက တိုက်တွန်းပါတယ်။

အသင်းဝင် သုံးထောင်ဝန်းကျင်ရှိတဲ့ ဒီအဖွဲ့ဟာ မြို့ကြီးတွေမှာ ရုံးခွဲများ ဖွင့်ပြီး မသန်စွမ်းသူများအရေး ဆောင်ရွက်နေတာပါ။ Myanmar Now နဲ့ တွေ့ဆုံစဉ်မှာ ကိုနေလင်းစိုးက မသန်စွမ်းသူများအရေးမှာ အာဏာပိုင်များနဲ့ ဥပဒေပြုအမတ်များရဲ့ ပူးပေါင်းပါဝင်မှု၊ ဥပဒေများကို ခေတ်နဲ့အညီ ပြုပြင်ရာမှာ မသန်စွမ်းသူများအရေးကို ထည့်သွင်းစဉ်းစားမှု စတဲ့ အကြောင်းအရာများကို ပြောပြခဲ့ပါတယ်။

မေး - အဖွဲ့ရဲ့ လုပ်ငန်းစဉ်တချို့အကြောင်း နည်းနည်းမိတ်ဆက်ပေးပါ။

ဖြေ - မသန်စွမ်းသူများ ခေါင်းဆောင် ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်၊ ပုံမှန်သင်တန်းတွေ လုပ်တယ်၊ မိမိအရပ် ပြန်သွားပြီးတော့ အခြားသော မသန်စွမ်းသူတွေနဲ့ ပူးပေါင်းပြီးမှ နယ်ရုံးခွဲတွေ ဖွင့်လှစ်လာနိုင်အောင် နောက်ဆက်တွဲ သင်တန်းနဲ့ ငွေကြေးအသေးစား ပံ့ပိုးမှုတွေ လုပ်ပါတယ်။ ဝန်ကြီးဌာန၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်း၊ သတင်းသမား၊ ပညာရှင်အဖွဲ့အစည်း၊ လုပ်ငန်းရှင်တွေနဲ့ မသန်စွမ်းသူများအခွင့်အရေးကို မိတ်ဆက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပုံမှန်လုပ်နေတယ်။

လူမှုစီးပွား အစီအစဉ်၊ မသန်စွမ်းသူများ စီးပွားရေး ပျိုးထောင်ဖို့ ဌာနတစ်ခု ရှိတယ်။ ကားအငှားလုပ်ငန်း၊ ပုံနှိပ်တဲ့လုပ်ငန်းတွေ ရှိတယ်။ ကိုယ်တိုင် ပါဝင်တီးခတ်တဲ့တီးဝိုင်းနဲ့ ဝင်ငွေရှာတယ်။ အစွမ်းအစတွေပြသနိုင်ဖို့ နိုင်ငံတော်အဆင့် မသန်စွမ်းသူများ အနုပညာပွဲတော်ကို နှစ်စဉ် ကျင်းပတယ်၊ နှစ်ကြိမ်ကျင်းပသွားပါပြီ။ အာဆီယံနဲ့ဂျပန်က မသန်စွမ်းသူအနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး အိမ်ရှင်နိုင်ငံ အနေနဲ့ တစ်ကြိမ် ကျင်းပခဲ့ပါပြီ။ အနုပညာအားဖြင့် ပြည်သူကို သင်တန်းပေး၊ စွမ်းဆောင်မှုတွေ ဖော်ထုတ်ပြသပေးတာပေါ့။ အက အဖွဲ့အစည်းတစ်ခု ကျွန်တော်တို့ ရုံးမှာ ရှိတယ်။ စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတချို့နဲ့ ချိတ်ပြီးတော့မှ မသန်စွမ်းသူတွေ အလုပ်အကိုင်ရအောင် လုပ်နေတယ်။

မေး - လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့အကြောင်း ပြောပြပေးပါ။

ဖြေ - ၂ဝ၁၂ ကနေ ဒီနေ့အထိ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အနည်းဆုံး ၅ဝ ကနေ ၈ဝ ကြား လောက်တွေ့တဲ့ အစည်းအဝေးကြီးက အကြိမ် ၄ဝ တွေ့ခဲ့ပြီးပါပြီ။ မသန်စွမ်းဥပဒေမှာ အချက်အလက်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ သိရှိအောင် ပညာပေးတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ ဖြစ်ပါတယ်။

နိုင်ငံတော် ဒုသမ္မတဦးဆောင်တဲ့ မသန်စွမ်းသူများဆိုင်ရာ အမျိုးသားကော်မတီတစ်ရပ်ကို မသန်စွမ်း ဥပဒေအရ ဖွဲ့ရမယ်၊ ဖွဲ့နိုင်ဖို့ နည်းဥပဒေ မြန်မြန်ဆန်ဆန်လေး ဖြစ်အောင် အသိပညာပေး ဆွေးနွေးတဲ့အပိုင်းတွေ လုပ်တယ်။

နောက်တစ်ခုက ပညာရေးနဲ့ ပတ်သက်ပြီးမှ ခွဲခြား ငြင်းပယ်ခံရတဲ့ကိစ္စ အဓိက ဆွေးနွေးတယ်။ မသန်စွမ်းသူတွေရဲ့ အထောက်အကူပစ္စည်းတွေ မထုတ်လုပ်နိုင်သေးတဲ့၊ လွယ်လင့်တကူမရှိတဲ့၊ အခွန်အခတွေပေးရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့တွေ သိသင့်တယ်။ မသန်စွမ်းမှတ်ပုံတင် မရှိသေးတဲ့အတွက် မသန်စွမ်းသူအဖြစ် အသိအမှတ် မပြုတာတွေ၊ လူ့ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်နေတာတွေ အကြောင်း ဆွေးနွေးပါတယ်။

မေး - ပညာရေးမှာ ခွဲခြားခံရတာနဲ့ ပတ်သက်ပြီး ဖြစ်ရပ် နှစ်ခုသုံးခုလောက် ပြောပြပေးပါ။

ဖြေ - ကျွန်တော်ကိုယ်တိုင်လည်း ဒီအတွေ့အကြုံ ခံစားခဲ့ရတယ်။ ကျောင်းက လက်မခံဘူး၊ မသန်မစွမ်းဖြစ်လို့၊ ပညာတတ်ရင်လည်း ဘာမှအလုပ်အကိုင် လုပ်နိုင်မှာမဟုတ်ဘူး၊ အိမ်မှာပဲ သေစာရှင်စာ ဖတ်တတ်ရင်ရပြီ ဆိုတဲ့ အတွေး အခေါ်မျိုးနဲ့ ငြင်းပယ်ခံရတယ်။ ၇ နှစ်သားလောက်မှာ အခွင့်အလမ်းပေါ်လာမှ တက်ခွင့်ရတာ။ ကျွန်တော်တို့ရုံးမှာရှိတဲ့ မသန်စွမ်းသူတွေမှာလည်း အဲဒီ ဇာတ်လမ်းမျိုးတွေ အများကြီးရှိပါတယ်။ နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ မသန်စွမ်းတစ်ယောက်ကို ကနဦး လက်မခံဘူး။ အကြောင်းပြချက်က သူငယ်တန်းမှာ အားလုံး စုပေါင်းပြီး ကရ၊ ခုန်ရတယ်၊ မခုန်နိုင်မပေါက်နိုင်တဲ့သူတွေက သူတို့အတွက် အဆင်မပြေဘူး၊ ဘီးတပ်ကုလားထိုင်အတွက် ကျောင်းမှာ အဆင်မပြေဘူး၊ ကျောင်းသားတွေကြားထဲ အဆင်မပြေဖြစ်မှာစိုးလို့ စတဲ့ အကြောင်းတွေပြပြီး ငြင်းပယ်တယ်။ ဒုပညာရေးမှူးက သူကိုယ်တိုင်လည်း မသန်စွမ်းသူများဆိုင် ပညာပေးသင်တန်း တက်ဖူးထားတယ် ဆိုတော့ ဝိုင်းပြီး ညှိလိုက်တော့ လက်ခံလာတယ်။

မေး - ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပြောချင်တာ ရှိပါသလား။

ဖြေ - ဥပဒေတစ်ခု လုပ်လိုက်ရင် ပြီးသွားပြီလို့ တော်တော်များများ ထင်နေတယ်။ မသန်စွမ်းတဲ့သူတွေကို မခွဲခြားသော ဥပဒေတွေ၊ မူဝါဒတွေဖြစ်ဖို့ လိုပါတယ်။ ဥပမာ အစိုးရအလုပ်ခေါ်စာတွေမှာ ကြည့်ကြည့်ပါလား၊ ကိုယ်အင်္ဂါကျန်းမာ သန်စွမ်းရမည် ဆိုတဲ့ အချက်။ ကန့်သတ်ခံနေရတယ်၊ အလုပ်သွားလျှောက်လို့ မရတော့ဘူး။ မဲပေးခွင့်မှာဆိုရင်လည်း စိတ်ပေါ့သွပ်သူများ မဲပေးခွင့်မရှိ။ ကျွန်တော်တို့နယ်ပယ်မှာ ဉာဏ်ရည်မသန်စွမ်းတဲ့သူနဲ့ စိတ်ပေါ့သွပ်သူ နည်းနည်း ရောထွေးနေတာ ရှိတယ်။ တချို့သောနေရာတွေမှာ ဥပဒေအရ အကန့်အသတ်လေးတွေ ရှိတယ်။ ဥပဒေ တော်တော်များများကို ပြန်လေ့လာမယ်ဆိုရင် အဲဒီအခြေအနေတွေကို တွေ့ရမယ်။ ဒါကြောင့် ဥပဒေနဲ့ မူဝါဒတိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေကို ကန့်သတ်၊ ပိုင်းစိပ်နေတာ မဖြစ်ပေါ်ရေးအတွက် ပြန်ပြင်ပေးဖို့ မျှော်လင့်တယ်။

မေး - မသန်စွမ်းသူတွေ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လို ယူဆပါသလဲ။

ဖြေ - ခေတ်အဆက်ဆက်က နိုင်ငံရေးကို ကြောက်စရာပုံပြင်ကြီးတစ်ခုလို မြင်ရအောင် လုပ်ထားခဲ့တာကိုး။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်း ပါဝင်ရမယ်ဖြစ်တဲ့တွက်ကြောင့် မသန်စွမ်းတဲ့လူတွေလည်း နိုင်ငံရေးမှာ ပါဝင် ပတ်သက်ခွင့် ရှိရမယ်။ ကိုယ်က သန်သန်စွမ်းစွမ်းဖြစ်တာမဟုတ်၊ နိုင်ငံရေးမှာ ဝင်ပါချင်သေးသလား … ဆိုပြီး အားမပေးတဲ့ အသိုင်းအဝိုင်းတွေလည်း ရှိတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပြီးရင်၊ ငြိမ်းချမ်းရေး ရပြီးသွားရင် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးတွေ လုပ်ကြတော့မယ်။ ဒီဖြစ်စဉ်တိုင်းမှာ မသန်စွမ်းသူတွေအရေးကိစ္စလည်း ပါနေမှာ။ အခု စစ်ပွဲတွေဖြစ်တယ်၊ မြေမြှုပ်မိုင်းတွေ နင်းတယ်၊ မသန်စွမ်းတွေ ဖြစ်တယ်၊ ဒဏ်ရာတွေ ရတယ်၊ စစ်မှုဝန်ထမ်း ဖြစ်တယ်၊ လက်နက်ကိုင် တပ်တွေမှာ တာဝန်ထမ်းဆောင်တယ်၊ (အရပ်သားတွေ) ထင်းခွေသွား၊ တောသွားရင်း ဖြစ်တယ်။ ဒါတွေက ငြိမ်းချမ်းရေးဆွေးနွေးရင်းနဲ့ တစ်ပါတည်း ပါရမယ်၊ မသန်စွမ်းတဲ့သူနဲ့ပတ်သက်တဲ့၊ ပြန်လည်ထူထောင်ပေးတဲ့ အပိုင်းတွေမှာ အကြံပြုချက်တွေ ရယူဖို့ လိုတယ်။ အရင်လိုပဲ ငါတို့လုပ်မယ်၊ ငါတို့သိတယ်၊ တတ်တယ်ဆိုပြီး လုပ်တာ မဖြစ်စေချင်ဘူး။ ပါဝင်ခွင့်တွေ ဖန်တီးပေးဖို့၊ ဖိတ်ခေါ်ဖို့ လိုပါတယ်။

မေး - မြေမြှုပ်မိုင်း အသုံးပြုနေကြတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။

ဖြေ - မြေမြုပ်မိုင်းဆိုတာ ဘယ်သူမှ အားမပေး၊ သဘောမတူ၊ မလိုလားတဲ့ကိစ္စ။ သူ့ကြောင့်ကောင်းကျိုးထက် ဆိုးကျိုးတွေ ဖြစ်တာကိုး။ ဒဏ်ရာတွေရပြီးမှ မသန်စွမ်း၊ တစ်ဘက်က လူမှုစီးပွားအခြေအနေတွေလည်း နိမ့်ကျသွားစေတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခြေအနေကနေ ပြေလည်သွားဖို့ မျှော်လင့်တယ်၊ လိုလားတယ်။ အပေါ်မှာပြေလည်မှ အောက်ခြေမှာရှိတဲ့ အခြေအနေတွေကို ရပ်တန့်နိုင်မှာပေါ့။ နောက်တစ်ချက်က ဘယ်သူတွေက ဘယ်နေရာတွေမှာ ထောင်ခဲ့တယ်ဆိုတာ မြေပုံမရှိ၊ အသေးစိတ် မပြောနိုင်ဘူး။ အဟောင်းတွေ ရှင်းလင်းရေးကလည်း ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်သလို အသစ်တွေ ထပ်ထောင်မယ်ဆို ပြဿနာရှိတာပေါ့။ နိုင်ငံတော်အစိုးရကိုယ်တိုင်ကလည်း ကမ္ဘောဒီးယား လုပ်ခဲ့သလို အင်အားနဲ့ဝိုင်းပြီးလုပ်တဲ့ အခြေအနေတစ်ခု ဖန်တီးဖို့ လိုပါတယ်။

မေး - အားရကျေနပ်စရာ လုပ်ဆောင်ချက်တွေအကြောင်း ပြောပြပေးပါဦး။

ဖြေ - မသန်စွမ်းသူတွေကိုယ်တိုင် အတိုင်းအတာတစ်ခုထိ ပါဝင်ပတ်သက် ဆောင်ရွက်နေနိုင်ကြတာကို အားရတယ်၊ ဂုဏ်ယူတယ်။ အခွင့်အလမ်းတွေ ပေါ်လာတယ်၊ အဖွဲ့အစည်း အနေနဲ့ လမ်းကြောင်းများများဖွင့်ပြီး ဆက်သွယ်၊ ဆက်စပ်၊ ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် အတိုင်းအတာ တစ်ခုအထိ အားရကျေနပ်မိပါတယ်။ ဥပဒေနဲ့ မူဝါဒပိုင်းတချို့မှာ အခုနောက်ပိုင်း မသန်စွမ်းသူတွေရဲ့ အသံ အနည်းငယ် ပါလာတယ်။ လူထုကြားထဲ နည်းနည်းလေး အသိပေးတဲ့ အခြေအနေတွေဖြစ်လာပြီ။ ဒါလည်း ရန်ကုန်ဝန်းကျင်လောက်ပဲ ဖြစ်ပေါ်နေသေးတယ်။

မေး - အဆောက်အဦးတွေ တည်ဆောက်ရာမှာ မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားဖို့ လိုတဲ့အကြောင်း နည်းနည်း ပြောပြပေးပါ။

ဖြေ - အများပြည်သူလို့ပြောရင် မသန်စွမ်းသူတွေ ပါပြီးသား၊ လက်တွေ့မှာတော့ သူတို့က မပါဘူး၊ အဆောက်အအုံ တစ်ခုဆောက်ရင် အဆင်ပြေအောင်၊ မျက်စိမမြင်တဲ့လူတွေ သွားလို့ လာလို့ရအောင် ဒါတွေ လုံးဝ ထည့်မစဉ်းစားဘူး။ မသန်စွမ်းတဲ့သူတွေကို ပထုတ်တဲ့၊ မလာနိုင်အောင်ဟန့်တားတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ အားလုံး သွားလာနိုင်အောင် ဝင်ဆံ့နိုင်တဲ့ မြို့ပြ ပတ်ဝန်းကျင် ဖြစ်အောင် ဖန်တီးဖို့ လိုတယ်။

နိုင်ငံတော်တော်များများမှာ ဥပဒေတွေပေါ်လစီတွေနဲ့ ထိန်းကျောင်း ပေးတယ်။ လုပ်ငန်းရှင်တွေ၊ အင်ဂျင်နီယာတွေကို မသန်စွမ်းတဲ့သူတွေ ထည့်လုပ်ပါလို့ ပြောရင် ဆန္ဒရှိရင် လုပ်မယ်၊ မရှိရင် မလုပ်ဘူး။ အဲဒီလို မဖြစ်ပေါ်အောင် ဥပဒေတွေချပြီး ပေါ်လစီတွေ ထိန်းပေးရမယ်။ အများပြည်သူသုံး ရုပ်ရှင်ရုံ၊ ကုန်တိုက်၊ စာသင်ကျောင်းတို့မှာ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေ အသုံးပြုနိုင်တဲ့ အစီအမံတွေ မပါရင် ဆောက်လုပ်ခွင့်မပေးဘူး ဆိုတာမျိုး ပေါ်လစီတွေနဲ့ ထိန်းထားရမယ်။ မလုပ်ဘူးဆိုရင် နောက်ဆက်တွဲအရေးယူဖို့ လိုအပ်တယ်။ အဲဒါမှသာလျှင် ပေါ်လာသမျှ အများပြည်သူသုံး အဆောက်အအုံတွေဟာ အားလုံးအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ မသန်စွမ်းသူတွေ သက်ကြီးရွယ်အိုတွေ အားလုံးအဆင်ပြေတဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်မျိုး ဖြစ်အောင် ပေါ်လစီအားဖြင့် ထိန်းကျောင်း ဆောင်ရွက်ပေးစေချင်တယ်။

မေး - မသန်စွမ်းဥပဒေထဲမှာ ဖြည့်စွက်စေချင်တာ ရှိသေးလား။

ဖြေ - ဒီဥပဒေ မူကြမ်းအဆင့်မှာလည်း အကြံပြုချက်တွေ အများကြီးပေးတယ်။ ပေးသလောက်မပါလာဘူး။ ဝန်ကြီးဌာနအဆင့်မှာလည်း ချန်ခံရတယ်၊ လွှတ်တော်ရောက်သွားတဲ့အခါလည်း လွှတ်တော်ကကိုယ်စားလှယ်တွေက သူတို့သိတဲ့ ဗဟုသုတနဲ့ ဆွေနွေးတဲ့အခါကျတော့ တချို့ဟာတွေ ဖြုတ်တာ ရှိတယ်။ ဥပမာ … အများပြည်သူသုံး အဆောက်အအုံတွေကိစ္စ ထပ်တင်းကြပ်တဲ့အဆင့်တွေ ပါလာဖို့ လိုတယ်။ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတဲ့သူတွေ လူမှုဖူလုံရေးပံ့ပိုးတဲ့ အစီအစဉ်မျိုးတွေ မပါသေးဘူး။ နိုင်ငံက မချမ်းသာသေးဘူး အကြောင်းပြချက်နဲ့ ဒါတွေ ကျန်ခဲ့တာတွေ ရှိပါတယ်။ ဥပဒေတိုင်းက တစ်ခါ တစ်ကြိမ် ပြဋ္ဌာန်းပြီးရုံနဲ့ မလုံလောက်ဘူး၊ ခေတ်နဲ့ညီအောင် အမြဲတမ်း ပြင်ဆင်နေရပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မသန်စွမ်းအဖွဲ့အစည်းတွေက အသေးစားစီးပွားရေးလုပ်ငန်း လုပ်ချင်တယ်ဆိုရင် နိုင်ငံခြားသား အလှူရှင်တွေဆီမှာ လက်ဖြန့်စရာ မလိုဘူး။ အစိုးရရုံးတွေမှာပဲ လုပ်ချင်တဲ့လုပ်ငန်းတွေ တင်ပြပြီးတော့မှ grant (ငွေကြေးအထောက်အပံ့) တောင်းလို့ရတယ်။ ဒီမှာလည်းလိုအပ်တယ်။ လောလောဆယ် ဥပဒေမှာ အစိုးရရဲ့ ဘဏ္ဍာရေးအထောက်အပံ့ ပေးတဲ့အပိုင်း မတွေ့ရဘူး။

မေး - မသန်စွန်းသူတွေအပေါ် ပတ်ဝန်းကျင်ရဲ့ စေတနာလွန်ကဲမှုရော ကြုံရသလား။

ဖြေ - အရင်တုန်းက အိမ်ပြင်ထွက်ဖို့တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိပြီးမှ အတင်းကို ရုန်းကန်ထွက်မှ အပြင်ရောက်တဲ့ အခြေအနေပါ။ မိသားစုနဲ့ ပတ်ဝန်းကျင်ကလည်း အပြင်ထွက်ဖို့ အားမပေးကြဘူး။ စေတနာနဲ့တားတာပေါ့။ ကော်မတီတွေဖွဲ့ကြ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရွေးကြတဲ့အခါ မသန်စွမ်းတဲ့လူတွေ ပါလာရင် ငြင်းပယ်တာတွေ ရှိတယ်။ မတင့်တယ်ဘူး၊ ဒါမှမဟုတ်ရင် လုပ်နိုင်ပါ့မလား ဆိုတဲ့ အတွေးနဲ့ မသိမသာ ဖယ်ချင်တာ။ အထူးသဖြင့် မိန်းမလေးမသန်စွမ်းသူတွေ စိတ်အားငယ်သွား စေတယ်၊ အပြင်မထွက်ရဲတော့ဘူးပေါ့။ ဒါမျိုးတွေဖြစ်တယ်။ စေတနာလွန်ကဲတာပေါ့။ အထူး သပ်သပ် စဉ်းစားတာပေါ့၊ (ကျောင်းမှာလည်း) ကျွန်တော်တို့ကို ထိုင်ခုံထဲမှာပဲ ထိုင်နေ၊ ဘာမှ မလုပ်နဲ့၊ ဝါစိမ်းနီပြာအသင်းတွေ မပါနဲ့၊ ကျောင်းသားတွေ ခရီးထွက်ရင်လည်း ခေါ်မသွားဘူး၊ အခန်းထဲမှာပဲ သက်တောင့်သက်သာနေပေါ့၊ အဲဒီလို လုပ်တာကြောင့် ကာယကံရှင်မသန်စွမ်းတွေက ရပ်ရွာတွေထဲမှာ၊ ကျောင်းလှုပ်ရှားမှု တွေမှာ၊ မိသားစုတွေရဲ့ အစီအစဉ်တွေမှာ ပါဝင်ခွင့်မရဘူး။ အတိုင်းအတာတစ်ခုအထိ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရသွားကြတာ ရှိပါတယ်။

ကျွန်တော်တို့ကို တွေ့ရင် မျက်စိ မမြင်၊ နားမကြားဘူး၊ လမ်းမလျှောက်နိုင်ဘူး စတဲ့ မသန်စွမ်းတွေရဲ့ အားနည်းချက်ကိုသာမက အားသာချက်တွေကိုလည်း မြင်ပေးပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading