သတင်း

ဝက်လက်မြို့ဒေသခံတို့ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ အသုံးချ

ယမန်နေ့ (ဇန်နဝါရီ ၉) တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်သားအများအပြား ရောက်လာသော်လည်း ရွာသားတို့ကို ဖမ်းဆီးပြီး အကာအကွယ်ယူထားကြသောကြောင့် ဝင်မတိုက်ဘဲ ဆုတ်ခွာပေးလိုက်ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောသည်။

‌ညောင်ပင်ကြီးတောကျေးရွာအပြင်ဘက် တောရဘုန်းကြီးကျောင်းအနီးသို့ ရဟတ်ယာဉ်နှင့် ရောက်လာသည့် စစ်သားများ၊ ကုန်းကြောင်းရောက်လာသည့် စစ်သားများက စစ်ကြောင်းနှစ်ခုခွဲပြီး ချီတက်ခဲ့သည်ဟု ဝက်လက်ဒေသခံများနှင့် PDF ထံမှ သိရသည်။ 

“သူတို့က ပြည်သူတွေဖမ်းထားပြီး၊ ကြားထဲ ညှပ်ပြီး တောထဲ လျှောက်သွားတာပေါ့ဗျာ၊ ဟိုသွား ဒီသွားနဲ့။ သူတို့က မိုင်းကြောက်လို့ အဲလိုလုပ်တာပေါ့” ဟု ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

“ပြည်သူတွေက ကြားညပ်နေတော့ တိုက်ပွဲက ဖော်လို့မရဘူး၊ ပြည်သူတွေက ကြားထဲ ညပ်နေတော့ ပစ်ဖို့နေနေသာသာ ထောင်ထားတဲ့ မိုင်းတွေတောင် မခွဲနိုင်ဘူး” 

စစ်သည်အင်အား ၇၀ နှင့် ၅၀ ခန့် ရှိကြသည့် စစ်ကြောင်းနှစ်ခုက ရှားကွဲရွာနှင့် သစ်စိမ့်ရွာတို့မှ ရွာသူရွာသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မည်သူ့ကိုမဆို ဖမ်းဆီးနေသဖြင့် ထွက်ပြေးကြရသည်ဟု ဝက်လက်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ 

“လမ်းမှာတွေ့တဲ့ရွာသူရွာသားတွေ၊ အိမ်ထဲပုန်းတဲ့သူတွေ၊ ဘုန်းကြီးကျောင်းမှာတွေ့တဲ့သူတွေ အကုန်ဖမ်းပြီး စစ်တာ။ ဘုရားပေါ်မှာ ထိုင်ခိုင်းပြီး PDf ခေါင်းဆောင်ပုံတွေပြပြီး မေးတာ။ ဝက်လက်မြို့နယ်မှာ တစ်ရွာဝင်တစ်ရွာထွက် ပတ်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

သစ်စိမ့်ဘက်မှာ လူသားဒိုင်းလုပ်ခံရသူတွေကိုတော့ ဘာမှမလုပ်ဘူး။ ပြန်လွှတ်ပေးတယ်။ ရှားကွဲမှာ လူသားဒိုင်းလုပ်ခံရတဲ့သူတွေကတော့ ရိုက်နှက်ပြီးမှ ပြန်လွှတ်တာ။ ညနေပိုင်းတော့ အကုန်ပြန်လွှတ်ပေးတယ်”

ဖမ်းဆီးပြီး အကာအကွယ်အဖြစ် အသုံးချခံရသူအရေအတွက်မှာ ၁၀၀ ကျော်သည်ဟု ဒေသခံတို့က ဆိုသည်။

ရွာသားများကို ဖမ်းဆီးပြီး အကာအကွယ်ယူသည်၊ ရိုက်နှက်သည် ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် စစ်ကောင်စီပြန်ကြားရေးအဖွဲ့ဝင်တို့ကို ယနေ့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိကြပေ။

ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အဆိုပါစစ်ကြောင်းနှစ်ခုက ရွေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲငယ်တစ်ခု၏ စခန်းတစ်ခုကို ပိတ်ဆို့ စီးနင်း သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းမှ အဆောက်အအုံများနှင့် ရိက္ခာများ ဖျက်ဆီးသွားသည်ဟု ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမှိုင်းက ပြောကြားသည်။  

“စခန်းတွေ အကုန်ဖျက်ဆီးခံလိုက်ရတယ်။ လူတွေကတော့ ဘေးကင်းရာရောက်တယ်။ လက်နက်တွေကတော့ နေရာရွှေ့နိုင်တယ်” ဟု ကိုမှိုင်းက ပြောကြားသည်။

“ဆုံးရှုံးတာကတော့ အသုံးအဆောင်တွေပေါ့။ ကျန်ခဲ့တာကတော့ အစားအသောက်တွေ။ ကျွဲတွေ နွားတွေ ယူသွားတယ်”

စစ်သားအင်အား ရာကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်း၊ လက်နက်အင်အားကွာခြားလွန်းခြင်းအပြင် လေကြောင်းပစ်ကူပေးရန်အတွက်ပါ ပြင်ဆင်လာသည့် လေယာဉ်တစ်စီး ပျံဝဲနေသည်ကို မြင်တွေ့ကြားသိခဲ့ရသည်၊ ဖမ်းဆီးခံထားရသည့် ပြည်သူများ စစ်ကြောင်းများအတွင်း ပါနေသည့်အတွက် ခုခံတိုက်ခိုက်နိုင်ခြင်းမရှိဘဲ လက်နက်များကို သယ်ဆောင်ကာ တိမ်းရှောင်ခဲ့သည်ဟု ကိုမှိုင်းက ပြောကြားသည်။ 

စစ်ကောင်စီတပ်က စခန်းရှိသည့်နေရာကို ကြိုတင်သိရှိပုံရသည်ဟု သူက သုံးသပ်သည်။ 

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်သူအရေအတွက် အများအပြားရှိနေသည်။ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီကလည်း စစ်ကိုင်းဒေသခံတချို့ကို လက်နက်တပ်ဆင်ပေးထားရာ ဒေသခံတို့က အဆိုပါ စစ်ကောင်စီဘက်တော်သားလက်နက်ကိုင်အဖွဲ့ကို ပျူစောထီးအဖွဲ့ဟု ခေါ်ဆိုကြသည်။ စစ်ကောင်စီကမူ ပျူစောထီးအဖွဲ့မရှိဟု အကြိမ်ကြိမ်ပြောဆိုထားသည်။

PDF များက မိုင်းထောင်ခြင်း၊​ ချုံခိုတိုက်ခြင်းကြောင့် စစ်ကောင်စီတပ် အထိနာသည့် သတင်းများ ဆက်တိုက် ထွက်ပေါ်နေသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့က ဝက်လက်မြို့နယ်အရှေ့ပိုင်း ဘုရားလေးကုန်းကျေးရွာသို့ စစ်ကြောင်းထိုး တပ်စွဲခဲ့သည့် ပျူစောထီးနှင့် စစ်သားများကို ဒီဇင်ဘာ ၃၁ နှင့် ဇန်နဝါရီ ၁ တို့တွင် တိုက်ခိုက်ရာ ၄၀ ခန့် သေဆုံးကြောင်း၊ PDF က ဆက်လက်ပိတ်ဆို့သော်လည်း ရဟတ်ယာဉ်နှင့် လာရောက်တိုက်ခိုက်ချိန်တွင် ကျန်သည့် ပျူစောထီးနှင့် စစ်သားများ ထိုနေရာမှ လွတ်မြောက်သွားကြောင်း သိရသည်။

ယင်းတိုက်ပွဲအပြီး နောက်တစ်နေ့တွင် ဝက်လက်အရှေ့ပိုင်း၊ စစ်ကိုင်းမြို့အစပ်တွင်ရှိသည့် ညောင်ပင်ကြီးတောကျေးရွာအပြင်တွင်ရှိသည့် တောရဘုန်းကြီးကျောင်းတစ်‌ကျောင်းသို့ ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်အင်အား ၅၀ ခန့်ကို လာရောက်ပို့ဆောင်ပြီး အခြားတစ်စီးက အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button