သတင်း

ကော့ကရိတ်တွင် စစ်တပ်က ရဟတ်ယာဉ်အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေ 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၁၀) နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်ပြင် ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

ကော့ကောရိတ်မြို့ အရှေ့တောင်ဘက်ရှိ ကျေးရွာများကို နံနက်ပိုင်းကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကာ မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်ပါ အသုံးပြုတိုက်ခိုက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တာ။ အခုလည်း ပစ်တာ။ လေယာဉ်ပျံပါ လာပစ်တယ်။ ဒီနေ့ ဘယ်နှယောက်ထိလဲ မသိသေးဘူး။ အခု သူတို့က လေယာဉ်ပျံနဲ့ ရမ်းသန်းပြီးပစ်တော့ ရွာသားတွေပဲ ထိတာ။ လက်နက်ကြီးနဲ့လည်း ပစ်တယ်”ဟု ၎င်းက Myanmar Now ကို ယနေ့ ညနေပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယနေ့ အရပ်သားများ ထိခိုက်ဒဏ်ရာရမှုအခြေအနေ မသိရသေးကြောင်းလည်း ပဒိုစောတောနီးက ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့ အရှေ့တောင်ဘက်ရှိ မောင်းမရွာသစ်၊ မြို့ဟောင်း၊ မိဂသိန်ရွာများတစ်ဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သည် နံနက် ၈ နာရီကတည်းက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေခြင်းဖြစ်ကာ မွန်းလွဲ ၂ နာရီခန့်တွင် ရဟတ်ယာဉ်မှ စက်သေနတ်ဖြင့် မိနစ် ၂၀ ကြာ ပစ်ခတ်ခဲ့ကြောင်း၊ ရွာသစ်ရွာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားတစ်ဦး ထိခိုက်သေဆုံးသည်ဆိုသော်လည်း အတည်မပြုနိုင်သေးကြောင်း ထိုဒေသရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။​

“အထိခိုက်အကျဆုံး မရှိ။ ရွာထဲမှာတော့ မီးလောင်တယ် ပြောတယ်။ လက်နက်ကြီးကြောင့်လား၊ လေယာဉ်ကြောင့်လား မပြောတတ်သေးဘူး။ လက်နက်ကြီးက လေယာဉ်လာတုန်းလည်း ထုတယ်။ လေယာဉ်ပျံသွားလည်း ထုတ်တယ်”ဟု ၎င်းက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများကို ယနေ့ (ဇန်နဝါရီ ၁၀) မွန်းလွဲပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​ – Supplied) 

စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတွင် ရဟတ်ယာဉ်နှစ်စင်း အဆင်သင့်ချထားကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း အဆိုပါ PDF တပ်ဖွဲ့ဝင်က ဆိုသည်။ 

အရပ်သားများ ထိခိုက်မှုအခြေအနေကို စုံစမ်းမရသေးသော်လည်း မောင်းမ၊ မြို့ဟောင်း၊ ရွာသစ်၊ မိဂသိန်စ သည့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မီးလောင်မှုရှိကြောင်း၊ ပျက်စီးမှုအခြေအနေ အတိအကျမသိရသေးကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးထံမှ သိရသည်။

“လက်နက်ကြီးကျတဲ့ နေရာတွေကတော့ မီးလောင်တာရှိတယ်။ လက်နက်ကြီးတွေကျတာက လူနေအိမ်နဲ့ သိပ်မဝေးဘူး။ မြို့ဟောင်းရွာ ဘုန်းကြီးကျောင်းဆိုရင် စုတ်ပြတ်သတ်နေတာပဲ” ဟု ထိုဒေသခံက ဆိုသည်။ 

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ ၁၁ နှင့် တပ်မ ၂၂ က နယ်ခြားစောင့်တပ် (BGF) နှင့်အတူ မြေပြင်၌ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်နည်းတူ ကော့ကရိတ်မြို့ပေါ်၌ တပ်စွဲထားသည့် ခလရ ၉၇ နှင့် မြို့တောင်ဘက် သုံးမိုင်အကွာရှိ အမြောက်တပ် ၃၃၃ ကလည်း ၁၂၀ မမ၊ ၁၀၅ မမ အမြောက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု သိရသည်။

ကော့ကရိတ်မြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၉) က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အရပ်သားနှစ်ဦးအနက် အသက်မပြည့်သေးသူတစ်ဦးမှာ ဦးခေါင်းတွင် လက်နက်ကြီးထိမှန်ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု အထက်ပါ မြို့ခံက ပြောသည်။​

သေဆုံးသွားသူမှာ ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အုတ်ဖုတ်အလုပ်သမားတစ်ဦးဖြစ်ကြောင်း၊ အမည်မသိရသေးဟုလည်း ၎င်းက ပြောသည်။ 

ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြို့ဟောင်းရွာအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသမီး ၆ ဦး၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီသည် ၎င်းတို့၏ မြေပြင်တပ်များ အထိနာနေချိန်တွင် လေကြောင်းကို အဓိကအသုံးပြု၍ တိုင်းရင်းသားဒေသများသာမက မြေပြန့်ဒေသများတွင်ပါ အရပ်သားများအပေါ် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။​

“သူတို့မြေပြင်တပ်တွေက တော်တော်လေး နေရာတိုင်းမှာ အထိနာနေတော့ …..နောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဟိုလိုက်ဗုံးကြဲပြ၊ ဒီလိုက်ဗုံးကြဲပြတွေနဲ့ သူတို့စိတ်ဓာတ်ပြန်တက်လာမလား မျှော်လင့်ချက်နဲ့ လုပ်နေတဲ့ပုံပဲ။ သိတဲ့အတိုင်းပဲ ဟိုနေရာမှာလည်း ကွဲ၊ ဒီနေရာမှာလည်း ကွဲ။ အခြေအနေမလှဘူး” ဟု ၎င်းက ပြောသည်။ 

ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံရွာသား ၂၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေသည်ဟု ကရင်ပြည်နယ်အခြေစိုက် Klo FM အမည်ရ သတင်းဌာနက ယမန်နေ့တွင် ရေးသားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button