သတင်း

ချင်းတောင်မှ လူသားဒိုင်း ၁၀ ဦး သတ်ဖြတ်ခံရဟု CDF ပြော

တိုက်ပွဲများပြင်းထန်နေသည့် ချင်းပြည်န‌ယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး လူသားဒိုင်းအဖြစ် အသုံးချခဲ့သည့် ၁၃ နှစ်သားအပါအဝင် အရပ်သား ၁၀ ဦးတို့ကို ပြီးခဲ့သည့်ရက်များအတွင်းက သေဆုံးလျက် ပြန်တွေ့ခဲ့ရသည်။ 

ဇန်နဝါရီ ၆ နှင့် ၇ တွင် စစ်ကောင်စီတပ်က ရွာသား ၁၁ ဦးကို ဖမ်းသွားပြီး စစ်ကြောင်းရှေ့မှ သွားခိုင်းခဲ့ကြောင်း၊ ၈ ရက်မှစ၍ ရုပ်အလောင်းများ တစ်နေရာစီမှ ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်တစ်ဦးကိုမူ သတင်းအစအနမရသေးကြောင်း CDF – မတူပီအဖွဲ့၏ ပြော‌ရေးဆိုခွင့်ရှိသူက ပြောသည်။

“အလောင်းပုံစံတွေက လက်ကို နောက်ပြန်ကြိုးတုပ်တယ်။ ပါးစပ်မှာ အဝတ်စည်းထားတယ်။ လည်ပင်းမှာ ဓားဖြတ်ရာတွေနဲ့ ရင်ဘတ်မှာ ဓားနဲ့ထိုးထားတာတွေ တွေ့တယ်ပေါ့နော်။ တော်တော်လေးတော့ ပြင်းထန်တယ်၊ ဝမ်းဗိုက်တွေမှာရောပဲ” ဟု ၎င်းက ဆက်ပြောသည်။

ဇန်နဝါရီ ၈ ရက်နေ့က ကီလှုန်းရွာအနီး တောင်ပေါ်တွင် ထိုရွာမှ ၁၃ နှစ်အရွယ် ကလေးအပါအဝင် အဝတ်အစားမရှိတော့သည့် ရုပ်အလောင်း ၃ လောင်း စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

နောက်တစ်နေ့တွင်လည်း အဆိုပါရွာများအနီး တောထဲတွင် ကျန်အလောင်းများကို တွေ့ရသည်၊ အများစုမှာ လည်ပင်း ဓားဒဏ်ရာရှိနေပြီး တချို့မှာ ကျည်ထိဒဏ်ရာရှိသည်ဟု CDF – မတူပီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

အသတ်ခံရသူများမှာ တိုက်ပွဲဧရိယာအတွင်းမှ အရပ်သားများဖြစ်ပြီး အသက် ၁၃ နှစ်မှ ၆၅ နှစ်ကြား ရှိသည့် အမျိုးသားများဖြစ်ကြောင်း၊ ၎င်းတို့၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို ထုတ်‌ဖော်ပြောဆိုရန် အသင့်မဖြစ်သေးကြောင်း CDF – မတူပီအဖွဲ့က ဆိုသည်။

ထိုသတ်ဖြတ်ခံရသူများထဲတွင် Khonumthung Burmese ခေါ်နူးသုမ်သတင်းဌာန၏ တည်ထောင်သူတစ်ဦးလည်းဖြစ်၊ အဆိုပါသတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်းလည်းဖြစ်သည့် Pu Tuidim ပါဝင်သည်ဟု ထိုသတင်းဌာနက ထုတ်ပြန်သည်။

မတူပီမြို့တွင် ၁၁ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် သုံးသည်၊ ၁၀ ဦး၏ အလောင်း တွေ့ရသည်ဟူသော CDF ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ တုံ့ပြန်ချက်ရရှိရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ပြန်ကြားရေးဝန်ကြီးဌာန အွန်လိုင်းတွင် ဖော်ပြထားသော ထိုအဖွဲ့ဝင်တို့၏ ဖုန်းနံပါတ်များကို ခေါ်ဆိုသော်လည်း ဖုန်းပိတ်ထားခြင်း၊ ပြန်လည်မဖြေကြားခြင်းတို့နှင့်သာ ရင်ဆိုင်ရသည်။

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယနေ့အထိ ၁၁ လအတွင်း သေဆုံးသူ ချင်းတိုင်းရင်းသား ၁၆၀ ကျော်ရှိရာတွင် သာမန်အရပ်သား ၈၇ ဦး ပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၇၆ ဦး ပါဝင်သည်ဟု ချင်းဒေသအရေးဆောင်ရွက်နေသည့် ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်ကို နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်နေကြရာ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များဖြစ်သည့် မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသည်။

တိုက်ပွဲများပြင်းထန်လာသည့် မတူပီ

ဇန်နဝါရီ ၃ နှင့် ၄ တွင် ဟားခါး-မတူပီလမ်းအတိုင်း အင်အား ၁၀၀ နီးပါးဖြင့် တက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် CDF – မတူပီတို့ ဖနိုင်ရွာနှင့် ငလိုင်ရွာအကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးကာ သုံ့ပန်းအဖြစ် ၂ ဦးကို အရှင်ဖမ်းမိခဲ့သည်။

မတူပီမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၁၄၀) နှင့် မတူပီဗျူဟာတို့မှ စစ်သားအင်အား ၁၅၀ ကျော်က ဇန်နဝါရီ ၆ မှစ၍ မတူပီမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ မတူပီ- ဟားခါးလမ်းပေါ်ရှိ ကီလှုန်း၊ လုံလှော်၊ ကစဲ၊ ဘွေထီးယားစသည့် ရွာများအနီး စစ်ကြောင်းထိုးလာသည့်အတွက် CDF – မတူပီနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၆ တွင် ကီလှုန်းရွာမှ လုံလှော်ရွာသို့ သွားနေသည့် ဒေသခံ ၈ ဦး၊ ကစဲရွာမှ ကီလှုန်းရွာသို့ ဓာတ်ဆီသွားဝယ်သည့် အရပ်သား ၁ ဦး၊ ဇန်နဝါရီ ၇ တွင် ဘွေးထီးယာရွာမှ ကစဲရွာသို့ သွားနေသူ အရပ်သား ၂ ဦးတို့ကို စစ်တပ်က ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးချခဲ့ခြင်းဖြစ်သည်ဟု CDF – မတူပီအဖွဲ့၏ ပြော‌ရေးဆိုခွင့်ရှိသူက ပြောသည်။

ဇန်နဝါရီ ၇ ရက်မှစ၍ တိုက်ပွဲများလျော့ကျသွားသော်လည်း မတူပီမြို့အနီးရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (၁၄၀) နှင့် စစ်အခြေချဗျူဟာစခန်းတို့မှ လက်နက်ကြီး ရံဖန်ရံခါပစ်ခတ်နေပြီး စစ်ရေး ဆက်လက်တင်းမာနေဆဲဖြစ်သလို ပြန်လည်တိုက်ခိုက်ရန်လည်း အသင့်ရှိကြောင်း ဆိုသည်။

“စကစတွေအနေနဲ့ ကျွန်တော်တို့ရှိတဲ့နေရာကို လာပါ၊ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်ပစ်ပါ။ ဘာမှ မဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ မလုပ်ပါနဲ့၊ ယောက်ျားမှန်ရင်ပေါ့။ ကျွန်တော်တို့တပ်ဖွဲ့တွေက စိန်ခေါ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ယမန်နေ့ (ဇန်နဝါရီ ၉) ၌ မင်းတပ်မြို့မှ အမြောက်တင် သံချပ်ကာကားနှစ်စီးအပါအဝင် စစ်ကား အစီး ၉၀ ကျော်ပါဝင်သည့် စစ်ယာဉ်တန်းသည် မတူပီမြို့သို့ ဦးတည်ထွက်ခွာသွားကြောင်း CDF – မင်းတပ်အဖွဲ့က ထုတ်ပြန်ထားသည်။

ကီလှုန်းရွာနှင့် လုံလှော်ရွာအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်များလှုပ်ရှားနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ရက်များအတွင်း အင်အား ၈၀ ခန့် ထပ်မံတိုးမြှင့်ထားသည့်အတွက် အင်အား ၂၅၀ ခန့်အထိရှိလာရာ တိုက်ပွဲများ အချိန်မရွေးဆက်လက်ဖြစ်ပွားနိုင်သည်ဟု CDF – မတူပီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာလကုန်က မတူပီ – ပလက်ဝလမ်းပေါ်ရှိ ခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်း ကင်းစခန်းတစ်ခုကို CDF – မတူပီက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၂ ဇန်နဝါရီအတွင်း တိုက်ခိုက်မှုများ ပြန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။  

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မတူပီ – ပလက်ဝလမ်းပေါ်ရှိ စစ်တပ်၏ ထယ်ဘွေးအခြေစိုက်စခန်းကို ဇန်နဝါရီ ၃ နှင့် ၄ တွင် CDF – မတူပီက နှစ်ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မတူပီမြို့မှာ စစ်ဗျူဟာတစ်ခုအပါအဝင် စစ်ကောင်စီတပ်သုံးခု အခြေချထားသည့် မြို့ဖြစ်ပြီး မြို့အဝင်အထွက်လမ်းများဖြစ်သည့် မတူပီ- ပလက်ဝလမ်းပိုင်း၌ ခြေမြန်တပ်ရင်း (၃၀၄) နှင့် မတူပီ- ဟားခါးလမ်းပိုင်းတွင် ခြေမြန်တပ်ရင်း (၁၄၀) နှင့် ဗျူဟာစခန်းတို့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button