သတင်း

ဂန့်ဂေါမြို့ စစ်ကောင်စီတပ်စခန်းကုန်းကို YDF ဝင်တိုက်

မကွေးတိုင်း၊ ယောဒေသ ဂန့်ဂေါမြို့အနီး တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်စခန်းကုန်းတစ်ခုကို ယမန်နေ့ (ဇန်နဝါရီ ၇)ညပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိသွားသည်ဟု ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ထံမှ သိရသည်။

ည ၁၀ နာရီခွဲအချိန်က ဂန့်ဂေါမြို့တောင်ဘက်ကပ်လျက်ရှိ ယန္တရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဂန့်ဂေါမြို့နယ် YDF တပ်ရင်း ၆ တပ်ခွဲ (၂) ဗိုလ်ဖိုးစော ဦးဆောင်သည့်အဖွဲ့က လက်လုပ်သေနတ်များ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ဘက်က တော်တော်ကြီးကို ခံလိုက်ရတယ် ထင်တယ်ဗျ။ သိပ်ပြန်ပစ်တာမရှိလိုက်ဘူး။ ကိုယ့်ဘက်ကပဲ ဦးအောင် အချက်ပေါင်းများစွာ ပစ်လိုက်တယ်။ ၄၀ (၄၀ မမ စိန်ပြောင်း) နှစ်ချက်တော့ ပြန်ပစ်တယ်။ ပြီးတော့ အော်တိုတွေနဲ့ ရမ်းပစ်တာတော့ရှိတယ်”ဟု ဗိုလ်ဖိုးစောက ပြောသည်။

YDF ဂန့်ဂေါအဖွဲ့သည် စစ်ကောင်စီတပ်ကို လက်ဦးမှုရယူပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“လက်နက်ကြီးတွေနဲ့က သူတို့စခန်းတွေပေါ်၊ ကင်းပုန်းချထားနိုင်မဲ့နေရာတွေ၊ စုနေတဲ့နေရာတွေကို မှန်းထုလိုက်တာ။ ညအိပ်ချိန်ဆိုတော့ သူတို့ဘက်က ပြင်ဆင်ချိန်မရလိုက်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက်စာရင်းကို အတိအကျမပြောနိုင်သေးသော်လည်း ယန္တရားကုန်းပေါ်ရှိ စစ်တပ်စခန်းသို့ စစ်ကူလာသည့်ကားများဖြင့် ဒဏ်ရာရရှိသူများကို ခေါ်ထုတ်ချိန်၌ အော်ဟစ်ညည်းတွားသံများကို ကြားခဲ့ရသည်ဟု YDF ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်လုပ်လက်နက်များနှင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သုံးသည့် ဆိုင်ကယ်များလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ ၄ တွင် YDF တပ်ရင်း ၁၀ မှ တပ်ဖွဲ့ဝင်များသည် စစ်တပ်ထောင်ထားခဲ့သော နင်းမိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးများကို ရှင်းလင်းခဲ့ကြရာ ဗုံးသီးတစ်လုံး ပေါက်ကွဲသွားပြီး အသက် ၁၉ နှစ်အရွယ် YDF ရဲဘော်တစ်ဦး သေဆုံးသည်။

ဒီဇင်ဘာ ၂၀ တွင် တပ်ရင်းတစ်ခု ဝင်ရောက်စီးနင်းခံရ၍ သိန်းရာချီတန်ဖိုးရှိသော ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း YDF က ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် ဂန့်ဂေါ၊ ကျော၊ ဆော၊ ထီးလင်း၊ ကျောက်ထု စသည့် မြို့များ ပေါင်းကာ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ကို မေလကတည်းက ဖွဲ့စည်းထားသည်။

လက်နက်ကိုင်ပြန်ခုခံချိန်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်သား ၅၀၀ ကျော်ကို သုတ်သင်ရှင်းလင်းထားပြီး ဖြစ်သည်ဟု ဆိုသော YDF တွင် အင်အား ၃၀၀၀ ထက်မနည်း ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button