ဆောင်းပါး

စစ်ကောင်စီ ဖုံးသမျှပေါ်နေသည့် ယာဉ်နှင့်လူများ မီးပုံရှို့မှု

** သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံများ ပါဝင်သည်**

လက်ထပ်ပြီးတစ်လအကြာ ၃၄ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ကိုပီတာ* ခရစ္စမတ်အကြိုနေ့ နံနက်ပိုင်း ခရီးတိုတစ်ခု ထွက်သွားသည့်အခါ ကယားပြည်နယ် လွိုင်ကော်မြို့အိမ်တွင် ၂၇ နှစ်အရွယ် မဂျူလီယာ နေရစ်ခဲ့သည်။

ငှားထားသည့် အဖြူရောင် CRV မော်တော်ယာဉ်ကို ခရစ္စမတ်အကြိုနေ့ နံနက် ၆ နာရီခွဲခန့်တွင် ခင်ပွန်းသည် မောင်းပြီး ခရီးထွက်သွားခြင်းမှာ ဖရူဆိုမြို့နယ် ရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသည့် လေဖြတ်ရောဂါသည် ဖခင်ဖြစ်သူကို လွိုင်ကော်သို့ ခေါ်၍ ဆေးကုပေးရန် ဖြစ်သည်။

လွိုင်ကော်မြို့ ဘာဒိုကျေးရွာသို့ လက်နက်ကြီးဖြင့် စစ်တပ်က ပစ်သည်ဟု သတင်းကြားပြီးနောက် နံနက် ၉ နာရီ ၂၁ မိနစ်တွင် ဂျူလီယာက ခင်ပွန်းသည်ထံ ဖုန်းဆက်သေးသည်။

သူ့ကို စိတ်မပူရန်၊ လွိုင်ကော်နှင့် မိုင် ၂၀ ကျော်ဝေးသည့် မိုဆိုရွာသို့ ရောက်ခါနီးပြီ၊ လမ်းခရီးလုံခြုံရေး အခြေအနေကောင်းသည်ဟု သူငယ်ချင်းသက်တမ်း ၄ နှစ်၊ ချစ်သူသက်တမ်း ၄ နှစ်အကြာတွင် လက်ထပ်ခဲ့သည့် ခင်ပွန်းသည်က ပြောသဖြင့် ဂျူလီယာ စိတ်အေးခဲ့ရသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် ပစ်ခတ်တတ်သည့် စစ်ကောင်စီကို ကယားပြည်နယ်အတွင်း ခုခံမှုများ အရှိန်မြင့်နေသည်မှာ နှစ်ပင်ပေါက်တော့မည်ဖြစ်၍ စစ်တပ်က လက်နက်ကြီးနှင့် ပစ်သည်၊ နေအိမ်မီးရှို့သည်၊ သတ်ဖြတ်သည်ဆိုသော သတင်းများမှာ ၎င်းတို့အတွက် အထူးအဆန်းမဟုတ်တော့။

သို့သော် ခင်ပွန်းသည်၏ လမ်းခရီးလုံခြုံရေးကို ဂျူလီယာ စိတ်မချ။ ၉ နာရီ ၅၁ မိနစ် ထပ်ခေါ်သည်၊ ဖုန်းမကိုင်၊ ၁၁ နာရီ ၃၂ မိနစ် ထပ်ခံခေါ်ဆိုချိန်တွင်မူ စက်ပိတ်သွားပြီ။ အကြိမ်ကြိမ်ထပ်ခေါ်သော်လည်း ဆက်သွယ်၍ မရတော့။

ထိုနေ့ ညနေပိုင်းတွင် မိုဆိုရွာအနီး ယာဉ်များကို စစ်တပ်က မီးရှို့သွားသည့်အကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က Facebook တွင် သတင်းထုတ်ပြန်လာသည်။

ထိုအထဲတွင် ပါသည့် ဓာတ်ပုံတစ်ပုံတွင် ပီတာမောင်းနှင်သွားသည့် CRV ကို တွေ့သည်။ ကားနံပါတ်ကလည်း မှန်သည်ဟု ယာဉ်ပိုင်ရှင်ကလည်း အတည်ပြုသည်။ သို့သော် ပီတာနှင့် ပတ်သက်သည့် သတင်းအစအန စုံစမ်း၍မရ။

မီးတောက်လောင်နေဆဲဖြစ်သလို လုံခြုံရေးအခြေအနေကိုလည်း စိတ်မချရသေးသဖြင့် KNDF ကလည်း ထိုညတွင် အသေးစိတ် မှတ်တမ်းမတင်နိုင်ခဲ့၊ ရှာဖွေမှု မလုပ်နိုင်ခဲ့။

ခရစ္စမတ်နေ့ နံနက်တွင်မူ ယမန်နေ့က ထိုနေရာ၌ ငရဲပွက်သည့်အလား ဖြစ်ခဲ့မည်ဟု ယုံကြည်ရသည့် သက်သေများ ထွက်ပေါ်လာသည်။

ဖရူဆိုမြို့ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ မိုဆိုကျေးရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းရှိ ထိုနေရာတွင် ကုန်တင်ကား ၅ စီး၊ အိမ်သုံးကား ၂ စီး၊ ထော်လာဂျီ ၂ စီး၊ မော်တော်ဆိုင်ကယ် ၆ စီး မီးရှို့ခံထားရသည်။

ထိုယာဉ်များပေါ်နှင့် အနီးဝန်းကျင်တွင် မီးကျွမ်းရုပ်အလောင်းများ၊ ပြာပုံအတွင်း အစအနအဖြစ်သာ ကောက်ယူရရှိသည့် ရုပ်ကြွင်းများရှိသည်ကို KNDF က ဓာတ်ပုံနှင့်တကွ ထပ်မံသတင်းထုတ်ပြန်သည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းတစ်နေရာတွင် ၂၀၂၁၊ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့)က တွေ့ရသည့် မီးရှို့ခံထားရသည့် မော်တော်ယာဉ်ပေါ်တွင် တွေ့ရသည့် ရုပ်အလောင်းများ။ ဓာတ်ပုံ − KNDF

မီးလောင်ကျွမ်းထားသော်လည်း စစ်ဆေးနိုင်ခြေရှိသည့် ရုပ်အလောင်း ၃၁ လောင်းရှိကာ ရင်ခွဲစစ်ဆေးချက်များအရ ကျား ၂၆ ဦး၊ မ ၅ ဦးဖြစ်သည်ဟု ထိုဖြစ်စဉ်အပြီး ၁၀ ရက်အကြာ ဇန်နဝါရီ ၃ ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ကရင်နီပြည်ရဲဌာနက အတည်ပြုသည်။

ကိုင်ကြည့်ရုံဖြင့် ကျိုးကြေသွားသည့် ခန္ဓာကိုယ်အပိုင်းအစများမှာ ကြွပ်ကြွပ်အိတ်ကြီး ၃ အိတ်စာ ရှိကြောင်း၊ လူဦးရေမည်မျှ၏ ရုပ်ကြွင်းများဖြစ်မည်ကို မခန့်မှန်းနိုင်ကြောင်း ဒုတိယပြည်နယ် ရဲဌာနမှူး ဦးဘိုဘိုက ပြောသည်။

မီးရှို့သတ်ဖြတ်မှုမှ လွတ်မြောက်ပြီး တစ်နေရာရာတွင် ရှိနေနိုင်သည်ဆိုပြီး ပီတာ၏ ကံကြမ္မာကို ဂျူလီယာက အကောင်းဘက်သို့ မျှော်တွေးကာ သူအကြိမ်ပေါင်းများစွာ ခေါ်ခဲ့ဖူးသည့်နံပါတ်အတိုင်း နောက်ရက်များတွင် ထပ်၍ ဆက်သွယ်ကြည့်သည်။ ဒီဇင်ဘာ ၂၆ တွင် ပထမဆုံးအကြိမ် အဆက်အသွယ်ပြန်ရသည်။ ဖုန်းကို တစ်စုံတစ်ယောက်က ကိုင်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။ 

“ဘာမှပြန်မပြောတော့ဘူး။ ကိုင်ပြီးနားထောင်နေတာ။ ကြာလာတော့ ကျွန်မလည်း ချပစ်လိုက်တယ်။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာ၊ ကျွန်မလည်းမျှော်တာပေါ့၊ ရူးတော့မယ်” ဟု ဂျူလီယာက ပြောသည်။

ပီတာ၏နှမဖြစ်သူက ဒီဇင်ဘာ ၂၆ ရက်က စာပို့ကြည့်ရာတွင်မူ မီးလောင်သည့် နေရာမှ ထိုဖုန်းကို ကောက်ရသည်ဟုသာ အကြောင်းပြန်ပြီးနောက် ထပ်မံမေးမြန်း၍ မရတော့ပေ။

ဖရူဆိုမြို့နယ်၊ သစ်တောရုံး၏ တောခေါင်း ခူးလိရယ်၏ ဆိုင်ကယ်ကို မီးလောင်ပြင်၌ တွေ့ခဲ့ရသည့် ၎င်း၏ မိသားစုဝင်တို့မှာလည်း ဂျူလီယာကဲ့သို့ပင် ကြုံရသည်။ 

ခူးလိရယ်၏ လက်ကိုင်ဖုန်းသို့ အကြိမ်ကြိမ်ဆက်သွယ်သည်ဟု သူ၏နှမဖြစ်သူက ပြောသည်။

လက်ခံဖြေကြားသည့် အချို့အကြိမ်များရှိသော်လည်း “ဘာကြီးလဲ” ဟုသာ ပြော၍ ပြန်ချသွားကြောင်း ၎င်းက ဆက်ပြောသည်။

ခူးလိရယ်၏ လက်ကိုင်ဖုန်းကို ၂၀၂၁၊ ဒီဇင်ဘာ ၂၆ ရက်တွင် Myanmar Now ကလည်း ဆက်သွယ်ကြည့်ခဲ့သည်။

ဖုန်းက ရန်ကုန်မြို့သို့ ရောက်နေသည်ဟု လက်ခံဖြေဆိုသူက ပြောသည်။ နာမည်ကို မေးရာ ဖုန်းချသွားပြီးနောက် ထပ်မံဆက်သွယ်၍ မရတော့ပါ။

ဖုန်းလက်ခံဖြေဆိုသူ၏ အသံမှာ ဗမာသံ ပီပီသသဖြစ်နေ၍ ခူးလိရယ်မဟုတ်ကြောင်း နှမဖြစ်သူက အတည်ပြုသည်။

ပီတာနှင့် ခူးလိရယ်တို့ကဲ့သို့ပင် အခြား ၂ ဦး၏ မိသားစုဝင်တို့ကလည်း အလားတူပင် ပြောသည်။

ထို ၄ ဦး၏ မိသားစုဝင်နှင့် မိတ်ဆွေတို့က ကာယကံရှင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားချိန်မှာ ၂၀၂၁၊ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီဝန်းကျင်ဖြစ်ကြောင်း တူညီစွာ အတည်ပြုသည်။

၂၀၂၁၊ ဒီဇင်ဘာ ၂၄

မိုးမလင်းမီ နံနက် ၂ နာရီကျော်တွင် အိမ်ခေါင်မိုးပေါ်မှ ဖြတ်ပျံသွားသည့် ဒရုန်းသံကြောင့် မိုဆိုရွာသူ မသဲမာ* အိပ်ရာမှ လန့်နိုးလာသည်။ မကြာခဏ ကြုံနေကျဖြစ်၍ ထူးထူးခြားခြား မတွေးမိဟု ၎င်းက ပြောသည်။

ထို့ကြောင့် ပြန်အိပ်ရန် ကြိုးစားခဲ့ပြီး မှေးခနဲ ပြန်ဖြစ်သွားချိန် နံနက် ၃ နာရီခန့်တွင် ဒရုန်းသံများ ဆူညံစွာ ထပ်ကြားရ၍ အပြင်သို့ ထွက်၍ မသဲမာ စူးစမ်းသည်။

“ကျွန်မထကြည့်တော့ ခြေကုပ်ယူထားတဲ့လမ်းကြောင်း (စစ်တပ်ချီတက်လာသည်ဟု ယူဆရသည့်လမ်း) အတိုင်း ဒရုန်းက ငါးစီးလှည့်တယ်။ မှိတ်တုတ်မှိတ်တုတ်၊ လင်းလင်းလင်းလင်းနဲ့ ဝဲနေတယ်”

သို့သော် သံသယအဖြစ်သာ ရှိခဲ့ပြီး စစ်ကောင်စီတပ် ရွာအနီး ရောက်နေသည်ကို အမှန်တကယ်သိရသည်မှာ ထိုနေ့ နံနက် ၉ နာရီကျော်မှသာ ဖြစ်သည်ဟု မသဲမာက ပြောသည်။

မိုဆိုရွာ၌ စစ်လာရှောင်သည့် ဒီးမော့ဆို၊ စံပြ ၆ မိုင်ရွာသား *ပေါလ်နှင့် တူမနှစ်ဦး ဈေးဝယ်ရန် ကားနှင့် သွားစဉ် မယ်တော်ဂူအရောက် စစ်တပ်နှင့် ပက်ပင်းတိုးခဲ့သည် ဆိုသော သတင်းစကားကြောင့်သာ သိရခြင်းဖြစ်သည်။

ထိုတပ်ဖွဲ့ရှိရာနေရာနှင့် ကိုက် ၁၀၀ ဝန်းကျင်အရောက် “ရပ်” ဟု အော်သံကြားခါမှ ပေါလ်တို့ တူဝရီးတစ်သိုက် ဒေသကာကွယ်ရေးအဖွဲ့(PDF) မဟုတ်မှန်း သိခဲ့ရသည်ဟု မသဲမာက ပြန်ပြောပြသည်။

“စစ်သား ဆိုတော့မှ သတိဝင်လာပြီးတော့ ကားကို ပြန်ဝိုက်ပြီးတော့မှ ကွေ့ပြီး မောင်းပြေးတယ်တဲ့” 

မိုဆိုရွာနှင့် ၅ မိနစ်ဝန်းကျင်သာ ခရီးရှိသည့် မယ်တော်ဂူသည် ယာဉ်နှင့် လူများ အစုအပြုံလိုက် မီးရှို့ခံခဲ့ရသည့် နေရာအနီးတွင်ပင် ရှိသည်။

ပေါလ်တို့ထံမှ ရွာအနီး စစ်တပ်ရောက်နေကြောင်း သတင်းစကားရောက်လာချိန်တွင် ထွက်ပြေးရန် ပြင်သူပြင်၊ အနီးရှိ တောင်ကုန်းများသို့ ထွက်ပြေးသူပြေးဖြင့်သာ မိုဆိုတစ်ရွာလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်ဟု မသဲမာက ပြောပြသည်။

သူကိုယ်တိုင် ရွာမှ ထွက်၍ ပုန်းရှောင်ချိန် နံနက် ၁၀ နာရီကျော်တွင် လမ်းတစ်နေရာအရောက် လက်နက်ကြီးသံ၊ ပေါက်ကွဲသံများ ကြားရသော်လည်း မည်သည့်နေရာတွင် မည်သို့ဖြစ်နေသည်ကို မသဲမာ မခန့်မှန်းနိုင်ခဲ့။

သို့သော် မိုဆိုရွာအနီး တောင်ကုန်းပေါ်သို့ တက်၍ ပြေးပုန်းသည့် လူငယ်တစ်ဦးထံမှ မျက်မြင်တွေ့ရှိချက်ကို ထိုနေ့၌ပင် ကြားရ၍ တစ်ခုခု ထူးမည်မှန်း မသဲမာ သဘောပေါက်လိုက်သည်။ ဘာမှန်းတော့ မသိသေး။


 

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းအနီး ယာဉ်နှင့် လူများ မီးရှို့ခံနေရသည်ကို ၂၀၂၁၊ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှစ၍ တောင်ကုန်းတစ်ခုပေါ်မှ လှမ်းမြင်ရစဉ်။ ဗီဒီယို − ပေးပို့

 

မျက်မြင်တွေ့သူတို့ ပြောပြချက်

ဖရူဆိုနှင့် လွိုင်ကော် ကူးလူးနေသည့် ယာဉ်များသည် ကွိုင်ငံ − မိုဆိုရွာချင်းဆက်လမ်းပေါ်ရှိ မိုဆိုရွာထဲသို့ ဖြတ်ရသည်။ ထိုလူငယ် ပုန်းခိုသည့် တောင်ကုန်းသည် ရွာအတွင်း ဖြတ်သန်းသွားသည့် ယာဉ်များကို ရှင်းလင်းစွာမြင်နိုင်သည်ဟု မသဲမာက ပြန်ပြောပြသည်။

ထိုနေ့က နံနက် ၁၀ နာရီဝန်းကျင်တွင် ဖရူဆိုဘက်မှ လာသည့် ကားအနက်ရောင်တစ်စီးနှင့် ဆိုင်ကယ်နှစ်စီးမှာ ပေါလ်တို့ တားမြစ်ခံရသည်ဆိုသော မူဆိုရွာနှင့် ၅မိနစ်ခရီးသာရှိသည့် နေရာအနီးတစ်ဝိုက်၌ပင် စစ်တပ်က တားသည်ကို တွေ့ရကြောင်း ထိုလူငယ်က မသဲမာကို ပြောသည်။

“(ကားက)အဲဒီနားရောက်တော့ စစ်သားတွေက သူ့(ကား)ကို ရပ်ခိုင်းတယ် တစ်ခုခုမေးတယ်နဲ့ တူတယ်။ သူ(ကားပိုင်ရှင်)မဖြေဘူးလား မသိဘူး။ စစ်သားတွေအော်ပြီးတော့မှ သေနတ်ဖောက်တယ်တဲ့” 

ထိုအချိန်ဝန်းကျင်အတွင်း ဖရူဆို သို့မဟုတ် လွိုင်ကော်ဘက်မှ လာသည့် မည်သည့်ယာဉ်မျှ ဝါးရုံတောကွယ်နေသည့် ထိုနေရာတစ်ဝိုက်ကို ကျော်လွန်၍ ဖြတ်သန်းသွားခြင်းမရှိဘဲ ပျောက်နေသည်ကို သတိပြုမိကြောင်း ထိုလူငယ်က မသဲမာကို ပြောခဲ့သေးသည်။

ထိုသူ ပြန်ဆင်းလာချိန် နံနက် ၁၀ နာရီ ဝန်းကျင်အထိ မယ်တော်ဂူအနီးမှ မီးခိုးလုံးများ မတွေ့ရသေးကြောင်း ထိုလူငယ်ထံမှ မသဲမာ သိရသည်။ ထိုလူငယ်မှာ မသဲမာနှင့် တကွဲတပြား တိမ်းရှောင်နေပြီဖြစ်၍ Myanmar Now က ဆက်သွယ်၍ မရခဲ့ပေ။

သို့သော် ယာဉ်နှင့်လူများ မီးရှို့ခံခဲ့ရသည့်နေရာနှင့် မိုဆိုရွာကြားရှိ တောင်ကုန်းတစ်ခုပေါ်သို့ တက်၍ အခြေအနေကို စူးစမ်းသည့် ရွာသားများထဲမှ *ဂျိုးဇက်နှင့် မေးမြန်းနိုင်ခဲ့၍ ထိုနေ့က အခြေအနေအချို့ကို သိခွင့်ရသည်။

သူတက်ကြည့်သည့် တောင်ကုန်းမှာ စစ်တပ်က အစုလိုက်မီးရှို့မှုကျူးလွန်သည့် မယ်တော်ဂူအနီး မြေကွက်လပ်နှင့် ကိုက် ၂၅၀ နီးပါးကွာ၍ ဖမ်းဆီးခံရသူတို့၏ အသေးစိတ်အခြေအနေကိုမူ ဂျိုးဇက်က အတည်မပြုနိုင်။

သို့သော် တောင်ကုန်းပေါ်ရောက်ချိန် နံနက် ၁၀ နာရီဝန်းကျင်တွင် ထိုနေရာ၌ ယာဉ်များ စု၍ ရပ်ထားသည်မှာ သေချာကြောင်း ဂျိုးဇက်က အခိုင်အမာပြောသည်။

နောက် ၁၅ မိနစ်ခန့်အကြာတွင် ဝါးရုံများကွယ်နေသည့် ထိုနေရာမှ မီးခိုးလုံးများ မည်း၍ တက်လာသဖြင့် အတူပါလာသည့် မိတ်ဆွေက ဗီဒီယိုမှတ်တမ်းရိုက်ယူနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

“(မီးလောင်ပေါက်ကွဲသံ) ကျယ်တယ်။ (ဆီပီပါပုံးတွေ) လွင့်ထွက်သွားတာပေါ့နော်။ အဝေးကို နှစ်ပုံး၊ သုံးပုံးလောက်။ မီးလောင်တာတော့ ညမိုးချုပ်အထိ လောင်တာခင်ဗျ။ တော်တော်ကြာတယ် လောင်တာ” 

သို့သော် သူနှင့် သူ့မိတ်ဆွေတို့က ယာဉ်များ မီးရှို့ခံရသည်ဟုသာ ယူဆခဲ့ကြသည်။ ယာဉ်မောင်းနှင့် ခရီးသွားများ ဘေးကင်းမည်ဟု မတွေးဖြစ်သော်လည်း ထိုမျှ ရက်စက်လိမ့်မည်ဟု ဂျိုးဇက်တို့ မထင်ခဲ့ကြပါ။

မိုဆိုရွာအနီးမှ စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၀၄ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး ထိုနေရာသို့ ဆိုင်ကယ်ဖြင့် ရောက်လာသည်ကိုလည်း လှမ်းမြင်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်အခြေစိုက် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ကို ၂၀၀၉ တွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်။

ထိုနေရာသို့ မရောက်မီ ဆိုင်ကယ်ကို ရပ်၍ လမ်းလျှောက်သွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး ပြန်ထွက်မလာတော့သည်ကို သတိထားမိကြောင်း၊ သေနတ်သံအချို့ကြားခဲ့ကြောင်း ဂျိုးဇက်က ပြောသည်။

မကြာမီတွင် မီးလောင်ပြင်နေရာမှ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ခြေလျင်ဖြင့် ၁ နာရီဝန်းကျင် ခရီးရှိသည့် ဖရူဆိုမြို့အဝင်ရှိ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းဘက်သို့ ထွက်သွားကြောင်း ၎င်းထံမှ သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် တောင်အောက်သို့ ဆင်း၍ မီးလောင်ရာနေရာသို့ သွားကြည့်ခဲ့သေးသော်လည်း ဖမ်းဆီးခံရသူများပါ တစ်ပါတည်း မီးရှို့ခံထားရမှန်း ဂျိုးဇက်တို့ တွေးပင်မကြည့်ခဲ့ကြပါ။

“စစ်တပ်တွေပြန်သွားတော့ ကျွန်တော်တို့ လာကြည့်တဲ့အချိန်အထိ လောင်နေသေးတယ်လေ။ သူ့နားမကပ်ရဲဘူးပေါ့။ မီးအကြီးကြီးခါကျတော့ သူ့နားမကပ်ရဲဘူး။ သွားကြည့်ပြီးတော့ နောက်ပြန်ဆုတ်လိုက်တယ်။ အထဲမှာ လူပါမှန်းလဲ ကျွန်တော်တို့က မသိဘူး”

လုံခြုံရေးလည်း စိတ်မချရသေးသဖြင့် မီးလောင်ကျွမ်းနေသည့် မြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ဓာတ်ပုံ၊ ရုပ်သံရိုက်ယူခဲ့ကြသည်ဟု ဂျိုးဇက်က ပြောသည်။

သို့သော် မီးလောင်သည့်နေရာနှင့် ကိုက် ၅၀ ခန့်အကွာရှိ သဲကျင်းထဲတွင် လက်နောက်ပြန်ကြိုးတုပ်လျက် ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး၏ အလောင်းကိုမူ ၎င်းတို့ ရှာတွေ့သည်။

“မျက်နှာတွေမှာ သွေးတွေ၊ မြေကြီးပေါ်မှာ သွေးတွေအိုင်နေတာ။ မျက်နှာဆိုလည်း ဖူးရောင်နေတာ။ သေနတ်ဒင်နဲ့ ထုသလား၊ ဘာလားတော့မသိဘူး။ သွားတွေလည်း တချို့ရွဲ့ကုန်တယ် တစ်ယောက်၊ နှစ်ယောက်။ တစ်ယောက်ဆိုရင် ခေါင်းဦးနှောက်ပွင့်ထွက်သွားတယ်” ဟု ဂျိုးဇက်က ပြောသည်။

ထိုလေးဦးမှာ ယာဉ်များ မီးရှို့ခံရချိန်တွင် လူများကို ဖမ်းထားသည်ဟုသာ ယူဆကာ ပြန်လွှတ်ပေးရန် စစ်တပ်နှင့် သွားရောက်ညှိနှိုင်းခြင်းဖြစ်သည်ကို ဂျိုးဇက်တို့အဖွဲ့ နောင်မှ ပြန်သိရသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းတစ်နေရာတွင် ၂၀၂၁၊ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) က တွေ့ရသည့် မီးရှို့ခံထားရသည့် မော်တော်ယာဉ်အချို့။ ဓာတ်ပုံ − KNDF

စစ်တပ်၏ လူမဆန်သော လုပ်ရပ်

နောက်တစ်ရက် ခရစ္စမတ်နေ့ နံနက် ထိုနေရာသို့ ထပ်မံသွားကြည့်ရာတွင်မူ မည်သူမျှ တွေးထင်မထားသည့် ဖမ်းဆီးခံရသူတို့၏ ကံကြမ္မာကို မျက်မြင်တွေ့ရ၍ အလွန်အမင်း တုန်လှုပ်ချောက်ချားခဲ့ရသည်ဟု ဂျိုးဇက်က ပြောသည်။

မီးလောင်ပြင်ထဲသို့ ရောက်ချိန်တွင် မော်တော်ယာဉ်များနှင့် မြေပြင်ပေါ်၌ ရုပ်ပျက်ဆင်းပျက် ကျွမ်းလောင်ထားသည့် ခန္ဓာကိုယ်များ ရှိနေသည်။

ကလေးငယ်အဝတ်အစားများကို တွေ့ရသော်လည်း အလောင်းရှာမတွေ့၊ အလုံးစုံလောင်ကျွမ်းပြီး ရုပ်ကြွင်းအချို့သာ ကျန်ရစ်သည့် ပြာပုံတို့တော့ တွေ့ရသည်။ သို့သော် ခွဲခြား၍မရ။

ထိုနေရာအနီးရှိ တောင်ယာ၌ ဓားကျန်ခဲ့၍ သွားယူသည့် ဦးလေးဖြစ်သူမှာလည်း ထိုအဖြစ်ဆိုးနှင့် တိုးခဲ့ရသည်။ ဦးလေးဖြစ်သူ၏ ရုပ်ကြွင်းကို ဂျိုးဇက်တို့ ရုပ်အလောင်းများထဲတွင် ရှာမတွေ့ကြပေ။ 

“စိတ်ထဲမှာတော့ အရမ်းနာကျင်တယ်ပေါ့နော်။ ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးဘူး။ ဖြစ်တော့လဲ ကိုယ့်ရွာတွေပဲ၊ ကိုယ့်ဒေသကလူတွေ ပါတဲ့အခါကျတော့ အရမ်းမကျေမနပ်ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ခရစ္စမတ်နေ့ နံနက်က ထိုသို့တွေ့ရှိခဲ့ရသော်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်နေ၍ နောက်သုံးရက်အကြာ (၂၀၂၁၊ ဒီဇင်ဘာ ၂၇)တွင်မှ ရုပ်အလောင်းများကို ထိုနေရာမှ နာရီဝက်အတွင်း အမြန်သယ်ထုတ်ခဲ့ရသည်ဟု ကရင်နီပြည်နယ် ဒုရဲမှူး ဦးဘိုဘိုထံမှ သိရသည်။

နောက်တစ်ရက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ဆရာဝန်နှစ်ဦးက ရင်ခွဲစစ်ဆေးရာတွင် ခန္ဓာ၊ ခြေ၊ လက် ၅၀ ရာခိုင်နှုန်းတွဲလျက်ရှိသည့် ၃၁ လောင်းရှိသည်။ ထိုအထဲတွင် အသက် ၁၀ နှစ်နှင့် ၁၅ နှစ်ကြား မိန်းကလေးငယ်တစ်ဦး ပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သို့သော် အလောင်းထည့်သည့် ကြွပ်ကြွပ်အိတ်သုံးလုံးဖြင့် စု၍ ယူလာသည့် လက်ဖျံရိုး၊ ဦးခေါင်းခွံ အကွဲစ၊ ရင်ဘတ်ပိုင်းအရိုးနှင့် ပြာများမှာ ရုပ်အလောင်းအရေအတွက် မည်မျှဆိုသည်ကို မခန့်မှန်းနိုင်ဟု ခွဲစိတ်မှုတွင် ပါဝင်သည့် ဆရာဝန်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အသားစနမူနာများရယူထားပြီး ဓာတ်ခွဲစမ်းသပ်မှုများ ဆက်လုပ်မည်ဟု လုံခြုံရေးအရ ကိုယ်ရေးအချက်အလက် ထုတ်ဖော်မပြောသည့် ထိုဆရာဝန်ထံမှ သိရသည်။

ရုပ်အ​လောင်းများတွင် လက်ပြန်ကြိုးတုပ်၊ ပါးစပ်ကို အဝတ်ဆို့ခံရသူများ၊ ဦးခေါင်းခွံ အပြည့်အစုံပါမလာသူများ၊ ရင်အုံ၊ အဆုတ်တို့၌ ထိုးသွင်းဒဏ်ရာရှိသူများ တွေ့ရ၍ သေဆုံးသူတို့မှာ သွေးပျက်ဖွယ်ရာ ကြုံခဲ့ရမည်ဟု ၎င်းက မှတ်ချက်ပြုသည်။

“အသက်ရှင်နေခဲ့စဉ်မှာ ဘယ်လိုပုံစံမျိုးတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာကို မှန်းဆလို့ မရနိုင်လောက်အောင် ရက်စက်ယုတ်မာမှုတွေကို ဒီပုံလေးမှာ မြင်တွေ့ရမှာပါခင်ဗျာ”ဟု သတင်းစာရှင်းလင်းပွဲ၌ ဓာတ်ပုံထုတ်ပြရင်း ထိုဆရာဝန်က ငိုလျက် ပြောသည်။

မီးကျွမ်းရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးနေစဉ်။ ဓာတ်ပုံ − ပေးပို့

စစ်ကောင်စီက ကြိုတင် ဖုံးကွယ်

အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း နိုင်ငံအနှံ့ ထိုသို့ အစုလိုက်သတ်ဖြတ်မှုများ ကျူးလွန်ပြီးချိန်တွင် ရက်အတန်ကြာ နှုတ်ဆိတ်နေလေ့ရှိသည့် အစဉ်အလာကို မိုဆိုဖြစ်ရပ်တွင်မူ စစ်ကောင်စီက ချိုးဖျက်သည်။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် ညတွင်းချင်းပင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ စစ်ဆေးမှုကို ရပ်တန့်မပေးဘဲ ပစ်ခတ်ထွက်ပြေးသည့် ကား ၇ စီးနှင့် တိုက်ပွဲဖြစ်ရာ ယာဉ်အားလုံး မီးလောင်သွားသည်ဟု ၎င်းတို့ ထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြသည်။

“နံနက် ၁၀ နာရီခန့်တွင် ကွိုင်ငံရွာဟောင်းဘက်မှ မိုဆိုကျေးရွာဘက်သို့ မသင်္ကာဖွယ်မောင်းနှင်လာသည့် မော်တော်ယာဉ်မျိုးစုံ ၇ စီးအား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ အဆိုပါမော်တော်ယာဉ်များမှာ ရပ်တန့်ခြင်းမရှိသည့်ပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များ၊ လက်ပစ်ဗုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။

အားလုံးကို အသေဖမ်းမိသည်ဟု ဆိုသော်လည်း အရေအတွက်မပါဝင်ပေ။ ယာဉ်များပေါ်တွင် လက်နက်၊ ရိက္ခာ၊ စစ်ဝတ်တန်ဆာနှင့် စက်သုံးဆီများ ပါသည်ဟုသာ သတင်းထုတ်ပြန်ချက်က ဆိုသည်။

မိုဆိုကျေးရွာအနီး မီးလောင်ပုံအတွင်း လူများပါရှိနေလိမ့်မည်ဟု ဒေသခံနှင့် ပျောက်ဆုံးနေသူတို့၏ မိသားစုဝင်များ စိတ်ကူးထဲပင် ထည့်မတွေးမိသေးချိန်တွင် စစ်ကောင်စီက ထိုသို့ ကြေညာခြင်းဖြစ်သည်။

နောက်နေ့ နံနက် ယာဉ်များနှင့် မီးကျွမ်းရုပ်အလောင်းများကို ထိုနေရာ၌ ဒေသခံတို့ မျက်မြင်တွေ့ရချိန်တွင်မူ စစ်ကောင်စီ၏ ကြိုတင်ထုတ်ပြန်ချက်အပေါ် မေးခွန်းထုတ်စရာ များစွာ ထွက်ပေါ်လာသည်။

ထိုနေရာ၌ မျက်မြင်တွေ့ရသည့် ယာဉ်အရေအတွက်မှာ စစ်ကောင်စီပြောသည်ထက် နှစ်ဆကျော် ပိုများနေသည်။

လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် အလောင်းများကို ကြည့်ခြင်းအားဖြင့် အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးသည်ဟူသော စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက် တက်တက်စင်အောင်လွဲကြောင်း ဆရာဝန်က ထောက်ပြသည်။

“သူတို့ တမင်သက်သက်ကို အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ပြီးတော့ သက်သေပစ္စည်းတွေကို ဖျောက်ဖို့အတွက် မီးရှို့ခဲ့တာလို့ပဲ ကျွန်တော်တို့တွေ မှန်းဆကြည့်လို့ရပါတယ်”

ဒေသခံတို့ ရုပ်အလောင်းများရှာတွေ့ပြီးနောက် ဒီဇင်ဘာ ၂၇ တွင်မူ စစ်ကောင်စီက လေသံပြောင်းလာသည်။ တိုက်ပွဲဖြစ်စဉ်အတွင်း ယာဉ်များ မီးလောင်ခဲ့ပြီး အသက် ၂၀ အထက် PDF ၂၅ ဦး၏ ရုပ်အလောင်းများ ထိုနေရာတွင် တွေ့ရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနကို ပြောသည်။

“ယာဉ်တွေ မီးလောင်ခဲ့တာရှိတယ်။ အဲဒီအတွက် ပြန်လည်စစ်ဆေးတဲ့အခါ ကျည်ထိမှန်သေဆုံးတာရှိတယ်။ ပြီးရင် ကားမီးလောင်တာတွေရှိတယ်”ဟု ၎င်းက ပြောထားသည်။

သို့သော် ပစ်ခတ်ထွက်ပြေးသည်ဆိုသော ယာဉ်နှင့် လူများ တစ်စုတစ်စည်းတည်း မီးလောင်ကျွမ်းသည်မှာ မည်သည့်အတွက်ကြောင့်ဆိုသည်ကိုမူ စစ်ကောင်စီက ယနေ့တိုင် ထုတ်မပြောပေ။

ဆရာဝန်ကမူ ဖြစ်စဉ်အပြီး သုံးရက်အကြာမှ ဆိုးရွားစွာ ပုံပျက်ပန်းပျက်ဖြစ်နေသည့် ရုပ်အလောင်းများကို ခွဲစိတ်ရခြင်းဖြစ်၍ သေဆုံးပြီးမှ မီးရှို့ခံရခြင်းလား၊ အသက်ရှင်လျက် မီးရှို့ခံရခြင်းလား ဝေခွဲရန် ခက်နေသည်ဟု ပြောသည်။

“တစ်သက်နဲ့တစ်ကိုယ် လူမဆန်စွာ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက် မြင်တွေ့ရတဲ့နေ့”ဟုပင် ၎င်းက ရည်ညွှန်းပြောဆိုသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းတစ်နေရာတွင် ၂၀၂၁၊ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) က တွေ့ရသည့် မီးရှို့ခံထားရသည့် မော်တော်ယာဉ်ပေါ်တွင် တွေ့ရသည့် ရုပ်အလောင်းများ။ ဓာတ်ပုံ − KNDF

စစ်ကောင်စီ၏ ဆင်ခြေနှင့် ကွဲလွဲချက်များ

စစ်ကောင်စီက ထိုဖြစ်စဉ်အတွင်း သေဆုံးသူများမှာ ဒေသကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင်များ၊ အဖွဲ့ဝင်သစ်များဟု ပြောထားသည်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children က ၎င်းတို့ဝန်ထမ်းနှစ်ဦး ထိုနေရာ၌ ပျောက်ဆုံးသွားသည်ဟု မိုဆိုဖြစ်စဉ်အပြီး နောက်ရက်တွင်ပင် အတည်ပြုသည်။ ဒီဇင်ဘာ ၂၈ တွင်မူ ထိုနှစ်ဦး သေဆုံးသည့်ထဲ ပါဝင်သည်ဟု ထိုအဖွဲ့က သတင်းထုတ်ပြန်သည်။ 

မီးလောင်ပုံအတွင်းပါဝင်သည့် အနက်ရောင် Nissan Xtrial ယာဉ်မှာ Save the Children ဝန်ထမ်းနှစ်ဦး စီးနင်းလာသည့်မော်တော်ယာဉ်ဖြစ်သည်ကို အတည်ပြုနိုင်သည်ဟု ကရင်နီပြည် ဒုရဲဌာနမှူး ဦးဘိုဘိုကလည်း ပြောသည်။

ထိုနေရာအနီးတွင် တစ်ဦး၏ ယာဉ်မောင်းလိုင်စင်ကို တစ်ဝက်တစ်ပျက် မီးလောင်ထားသည့် အနေအထားဖြင့် သိမ်းဆည်းရရှိခဲ့သည်။

ဓာတ်ဆီနှင့် ဒီဇယ်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ် သုံးစီးမှာ စစ်ကောင်စီပြောသကဲ့သို့ PDF ပိုင် ပစ္စည်းများမဟုတ်ဘဲ လွိုင်ကော်မြို့ရှိ ကျော်လွင်စက်သုံးဆီဆိုင်မှ ဖြစ်သည်။

ထိုဖြစ်စဉ်အတွင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စသည့် ဝန်ထမ်း စုစုပေါင်း ၇ ဦးနှင့်အတူ ခင်ပွန်းဖြစ်သူ ဆီဆိုင်ပိုင်ရှင်လည်း ပျောက်ဆုံးနေသည်ဟု ဇနီးသည်က အတည်ပြုသည်။

အလားတူပင် မီးလောင်ထားသည့် Light Truck, ကုန်တင်ထော်လာဂျီတို့နှင့်အတူ ကျား ၃ ဦး၊ မ ၁ ဦး ပါသွားကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ 

စစ်ရှောင်ရန် လွိုင်ကော်မြို့သို့ ပစ္စည်းကြိုပို့ပြီးနောက် ဖရူဆိုဘက်ရှိ ရွာသို့ ပြန်ကာ ဆွေမျိုးများကို လာခေါ်စဉ် ထိုသို့ အဖြစ်မျိုးကြုံခဲ့ရသည့် အသက် ၁၉ မှ ၂၅ နှစ်အရွယ် လူငယ်များဖြစ်သည်ဟု ၎င်းက ပြောသည်။

“မီးထဲပါသွားပြီ။ ကားနှစ်စီးလုံးပါသွားပြီ။ လူလေးယောက်စလုံးပါသွားပြီ။ အဲဒါတော့ အတည်ပြုလိုက်ပြီ”

မီးလောင်ပြင်အတွင်း တွေ့ရသည့် အခြားထော်လာဂျီတစ်စီးတွင် ဝါးခုတ်ရာမှ ပြန်လာသည့် မိုဆိုရွာခံ အမျိုးသား ၄ ဦး စီးနင်းခဲ့သည့် ယာဉ်ဖြစ်ကြောင်း၊ ဝါးခုတ်ဓားများသာ ပါဝင်ကြောင်း သေဆုံးသူတစ်ဦး၏ ဇနီးက သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ကရင်နီပြည်နယ်ရဲဌာနက မှတ်တမ်းတင်ထားနိုင်သည့် ထိုဖြစ်စဉ်အတွင်း အသက်ရှင်လျက် ပြန်မတွေ့ရသေးသူ ၁၈ ဦး၏ မိသားစုဝင်များ၊ မိတ်ဆွေများထံ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခဲ့ပြီး အရပ်သားများသာဖြစ်ကြောင်း အခိုင်အမာသက်သေပြကြသည်။

စစ်ကောင်စီ စွပ်စွဲသကဲ့သို့ PDF မဟုတ်ကြောင်း ခိုင်လုံသောအကြောင်းပြချက်များ၊ ခရီးစဉ်၏ အသေးစိတ်အချက်အလက်များကို ထိုသူတို့ထံမှ သိရသော်လည်း ကျန်ရစ်သူတို့၏ လုံခြုံရေးအခြေအနေအရ ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပေ။

ကရင်နီပြည်နယ် ဒုရဲဌာနမှူးကလည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသူများမှာ စစ်ကောင်စီပြောသကဲ့သို့ သေနတ်ဖြင့် ပစ်ပြေးနိုင်ခြေမရှိသည့် အရပ်သား၊ သာမန်ခရီးသွားများသာဖြစ်ကြောင်း၊ PDF မဟုတ်သည့် အထောက်အထားများရှိကြောင်း အခိုင်အမာပြောသည်။

“လူပျောက်စာရင်းတွေအရလည်း အကုန်လုံးက သူ့ဟာနဲ့သူ ခရစ္စမတ်နဲ့သွားတာမျိုးရှိတယ်။ ပစ္စည်းတစ်ခုခုဝယ်ဖို့အတွက် ဖရူဆိုသွားတာမျိုး၊ အဲလိုမျိုးတွေပဲ အများအပြားတွေ့ရပါတယ်ခင်ဗျ” ဟု ဦးဘိုဘိုက ပြောသည်။

ထို့အတူ မီးကျွမ်းနေသည့် ရုပ်အလောင်းများ၊ ပြာပုံဘဝရောက်နေသည့် ရုပ်ကြွင်းများ အားလုံးမှာ ယာဉ်များ၏ ခေါင်းခန်းတွင်မရှိဘဲ ကားနောက်ခန်းနှင့် မြေပြင်ပေါ်၌သာ တွေ့ရသည်၊ မီးလောင်ပြင်တွင် ဆီသယ်ကား သုံးစီး၊ ဘေးတွင် Light truck, Canter, ထော်လာဂျီ စသဖြင့် အစီအရီ ရပ်ထားသည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ၎င်းက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီပြောသကဲ့သို့ ယာဉ်များ မောင်းပြေး၍ အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးသည်ဆိုသော ဆင်ခြေမှာ မုသားသာဖြစ်သည်ဟု ဦးဘိုဘိုက သုံးသပ်သည်။

“မောင်းပြေးတဲ့အတွက် သူတို့(စစ်သားက)ပစ်လိုက်လို့ ဓာတ်ဆီကားမောင်းပြေးတယ်ဆိုလို့ရှိရင် လူတွေက ကားပေါ်မှာပဲ မီးလောင်ကျွမ်းပြီး သေဆုံးရတဲ့ပုံ ဖြစ်ရမှာပေါ့။ ဒါပေမဲ့ အခု ဘယ်ကားပေါ်မှာမှ ကားခေါင်းခန်းထဲမှာ လူမီးလောင်ကျွမ်းပြီး သေဆုံးနေတာမျိုး မတွေ့ရဘဲနဲ့ light truck ကားပေါ်မှာ အများဆုံး အပုံလိုက်လောင်ကျွမ်းနေတာ တွေ့တယ်”

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းတစ်နေရာတွင် ၂၀၂၁၊ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့)က တွေ့ရသည့် မီးရှို့ခံထားရသည့် မော်တော်ယာဉ်များ။ ဓာတ်ပုံ − KNDF

ထို့အတူ မီးလောင်ပြင်အနီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး သတ်ဖြတ်ခံထားရသည့် နေရာတွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံထုတ် ၅.၅၆ ကျည် နှစ်တောင့်ကို သိမ်းဆည်းရရှိသည်ဟု KNDF တပ်ရင်း ၄၊ တပ်ရင်းမှူး စောအားကိုကလည်း ပြောသည်။

ယာဉ်နှင့် လူများ မီးရှို့မခံရမီအချိန်အထိ ယင်းဒေသအတွင်း KNDF နှင့် ဒေသခံ PDF အဖွဲ့တို့က စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းမရှိဟုလည်း ၎င်းက အတည်ပြုသည်။

လူမဆန်သည့် ထိုလုပ်ရပ်ကို ကျူးလွန်သူများမှာ စစ်ကောင်စီ၏ တပ်မ ၆၆ နှင့် နယ်မြေခံတပ်ရင်း ခမရ ၅၃၁ တို့ဖြစ်နိုင်ကြောင်း အထက်ပါ KNDF တာဝန်ရှိသူက သုံးသပ်သည်။

“တပ်မ ၆၆ က ၅၃၁ မှာ ဝင်နေနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၅၃၁ က တပ်သားလည်းရှိတယ်ဆိုတော့ သူတို့တွေတွဲမှာပဲ။ အဲဒီဟာကို ပြောနိုင်တယ်ပေါ့။ လမ်းကြောင်းက နယ်မြေခံတပ်က ပိုသိတယ်” ဟု စောအားကိုက ပြောသည်။

မီးလောင်ပြင်ကို ကားလမ်းအတိုင်းလာလျှင် ၃ မိုင်ကျော်ရှိသည့် ဖရူဆိုမြို့ထဲရှိ ဈေးအနီးတွင် စစ်ကောင်စီ၏ ခမရ ၄၂၈ ရှိသည်။ မိုဆိုသတ်ဖြတ်မှုကို ကျူးလွန်သည်ဟု KNDF က ယူဆထားသည့် ခမရ ၅၃၁ သည် ဖရူဆိုမြို့အဝင်(လွိုင်ကော်ဘက်ခြမ်း)တွင် အခြေစိုက်သည်။

သေဆုံးသူအရေအတွက် တိုးလာနိုင်

မူဆိုရွာအနီး ဖြတ်သန်းသွားလာရင်း ပျောက်ဆုံးနေသူရှိလျှင် အကြောင်းကြားရန် ကရင်နီပြည်ရဲဌာန (KSP) က ဖြစ်စဉ်အပြီး သုံးရက်အကြာ (၂၀၂၁၊ ဒီဇင်ဘာ ၂၇)တွင် ထုတ်ပြန်သည်။

တစ်ပတ်ကြာချိန်အထိ လူပျောက်တိုင်တန်းချက်ရရှိသူ ၄၂ ဦးရှိသည်ဖြစ်၍ မီးလောင်ပြင်အတွင်း သေဆုံးခဲ့ရသည့် အရေအတွက်မှာ တိုးလာနိုင်သည်ဟု ဒုပြည်နယ်ရဲမှူး ဦးဘိုဘိုက ပြောသည်။

လူပျောက်တိုင်ကြားသူများထဲတွင် ကျား ၄၂ ဦးတွင် မ ၂ ဦးသာ ပါဝင်သည်။ သို့သော် ရင်ခွဲစစ်ဆေးပြီးသည့် ရုပ်အလောင်း ၃၁ လောင်းတွင် မ ၅ ဦးအထိ ရှိသဖြင့် ပျောက်ဆုံးသူစာရင်းမှာ တိုင်ကြားချက်လက်ခံရရှိသည်ထက် တိုးလာနိုင်သည်ဟု ကရင်နီပြည်ရဲဌာနက ယူဆထားသည်။

ထို့ကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် ထိုဖြစ်စဉ်၌ သေဆုံးသူ ၄၉ ဦးအထိ ရှိမည်ဟု ဒုပြည်နယ်ရဲမှူး ဦးဘိုဘိုက ခန့်မှန်းသည်။

၂၀၂၁၊ ဒီဇင်ဘာ ၂၉ ရက်တွင် ကယားပြည်နယ်တစ်နေရာ၌ တွေ့ရသော မီးကျွမ်းရုပ်အလောင်းများ။ ဓာတ်ပုံ − Myanmar Now

စစ်တပ်၏ ထိုသို့ လူမဆန်လွန်းသော အစုလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အထောက်အထားများ ရပြီးဖြစ်၍ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM) ထံ အချက်အလက်များ ပေးပို့မည်ဖြစ်သလို ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံး (ICC) တွင် တရားစွဲရန် စီစဉ်မည်ဟု NUG က ကတိပြုထားသည်။

“ဖရူဆိုမှာဖြစ်တဲ့ အဖြစ်အပျက်အကုန်လုံးကို တစ်ခုမကျန် IIMM အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ အလောင်းတွေမှာ တွေ့ထားတဲ့ အချက်အလက်တွေကို သီးခြားလွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့IIMM နဲ့ စစ်သွားပါမယ်။ NUG ကလည်း ပူးပေါင်းပြီး တရားမျှတမှုရတဲ့အထိ ဆောင်ရွက်သွားမယ်”ဟု လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ထိုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ရန် ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က တိုက်တွန်းထားပြီးဖြစ်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကမ္ဘာ့နိုင်ငံအချို့က စစ်တပ်၏ လုပ်ရပ်ကို ရှုတ်ချထားပြီးဖြစ်သည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း သေဆုံးသူများထဲတွင် အသက် ၁၇ အရွယ် ၂ ဦး၊ ဆယ်ကျော်သက် မိန်းကလေး ၁ ဦး၊ အသက် ၅ နှစ်မှ ၆ နှစ်အတွင်း ကျားမ မခွဲခြားနိုင်သည့် ကလေးတစ်ဦးပါမည်ဟု ဒီဇင်ဘာ ၂၉ ကတည်းက ထုတ်ပြန်ပြောဆိုပြီးဖြစ်သည်။

ထိုအခြေအနေတွင် ခရစ္စမတ်အကြိုနေ့ကတည်းက ခင်ပွန်းသည် ပီတာ အိမ်ပြန်မလာနိုင်တော့သည်မှာ ၁၀ ရက်ကျော် ကြာပြီဖြစ်သော်လည်း အဖြစ်မှန်ကို လက်ခံရခက်ခဲနေသည်ဟု ခရစ်ယာန်ဘာသာဝင် ဂျူလီယာက ပြောသည်။

“ပေးဆပ်ရတဲ့သူတွေ တောင်းတဲ့ဆုပြည့်ပါစေ။ တစ်ဦးတစ်ယောက်အတွက် တောင်းဆိုချင်တာတော့ မဟုတ်ဘူး။ သေသွားတဲ့လူတွေအားလုံးအတွက်ပါ ခံစားရတာ ရင်ကွဲမတတ်ပဲ”

မိုဆိုဖြစ်ရပ်ဆိုးတွင် အသက်စတေးသွားရသည့် ခင်ပွန်းသည် ပီတာ ဆန္ဒရှိသကဲ့သို့ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြပါရန် ဂျူလီယာက တိုက်တွန်းသည်။

“လုပ်တဲ့(သတ်တဲ့) သူတွေကတော့ ကျွန်မ ဆုတောင်းပေးစရာ မလိုပါဘူး၊ သူ့အလိုလို ဘုရားရိုက်မှာပါ” 

(* သတင်းရင်းမြစ်များ၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button