၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ပေါ်ထွန်းလာမည့် လွှတ်တော်များခေါ်ယူခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ လူထုကမဲပေးရွေးချယ်ခဲ့သည့် တရားဝင်အစိုးရအဖြစ် လုပ်ငန်းတာဝန်များထမ်းဆောင်ခြင်းစသည့် လုပ်ငန်းသုံးခုကို မျက်ခြေမပြတ်ဘဲ ပေါ်ပေါက်နေသော ခြိမ်းခြောက်မှုများကို စုပေါင်းခုခံကြရန် ပြည်သူများကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်သည်။ “အာဏာမသိမ်းဟုမမှတ်ယူနိုင်”၊ “အခြေခံဥပဒေကိုဖျက်၍ရသည်”ဟု တပ်မတော်က ထုတ်ပြောလာချိန်တွင် ခြိမ်းခြောက်ခံရခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း အနုတ်လက္ခဏာမှ ပြန်စရမည့်အဖြစ်မျိုးကို ခုခံနိုင်ရန် ရွေးကောက်ပွဲရလဒ်ဖြင့် ဖော်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ပြီးပြတ်အောင်မြင်အောင် လုပ်ရမည်ဟု ကိုမင်းကိုနိုင်က ပြောသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now



