ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က PNA Myanmar စက်ရုံပိုင်ရှင်သည် စက်ရုံအလုပ်သမားများကို လုပ်အားခ သုံးလစာ မပေးဘဲ ထွက်ပြေးသွားခဲ့သောကြောင့် စက်ရုံအလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်သွားသည့်အပြင် စက်ရုံကချေးယူထားသည့် ချေးငွေများကိုပါ ပေးဆပ်ရတော့မည်ဖြစ်သည်။ စက်ရုံအလုပ်သမားများသည် ကိုရီးယားနိုင်ငံသားပိုင် ငွေချေးလုပ်ငန်းတခုဖြစ်သည့် Woori Finance Myanmar မှ တနှစ်အတိုးနှုန်း ၂၈ ရာခိုင်နှုန်းဖြင့် ငွေချေးယူထားခဲ့ပြီး ချေးငွေထဲမှ တဝက်ကို စက်ရုံပိုင်ရှင်မှ ဖြတ်ယူခဲ့သည်။ ယခုအချိန်တွင် ငွေချေးပေးသော ကုမ္ပဏီမှ ချေးယူထားသောငွေများသည် အလုပ်သမားနှင့်သာ သက်ဆိုင်သဖြင့် အလုပ်သမားများပြန်ဆပ်ရမည်ဟု ဆိုလာသဖြင့် အလုပ်မရှိသည့်အချိန် စားဝတ်နေရေးအခက်အခဲများဖြင့် ရုန်းကန်နေရသည့် အလုပ်သမားများသည် အကြွေးမဆပ်နိုင်သဖြင့် တရားစွဲခံရမည်ကို စိုးရိမ်နေကြသည်။
သတင်းနှင့်ရိုက်ကူး - စိုးစံထိုက်၊ ကေဇွန်နွေး/Myanmar Now



