ရွေးကောက်ပွဲရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်ခြင်းမရှိသေးသော်လည်း တိုင်း၊ ပြည်နယ်ပါတီများမှ ပေးလို့လာသည့် ရလဒ်များအရ အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတာဝန်ရှိသူက ပြောကြားလိုက်သည်။
လက်ရှိအာဏာရပါတီ NLD မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ၃၂၂ နေရာ အနိုင်မရလျှင် သမ္မတရွေးချယ်ပြီး အစိုးရဖွဲ့ခွင့်ရရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုသို့ လုံလောက်သည့် မဲရလဒ်ပမာဏ NLDမရပါက အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သို့မဟုတ် တပ်နှင့်နီးစပ်သည့် အခြားနိုင်ငံရေးပါတီများက ၁၅၆ နေရာနိုင်ရုံမျှဖြင့် ရွေးကောက်ခံမဟုတ်သော တပ်မတော်သားများနှင့် ပူးပေါင်းကာ အစိုးရတစ်ရပ်ဖွဲ့သွားနိုင်ခြေရှိနေခြင်း ဖြစ်သည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)
သတင်းနှင့်ရိုက်ကူး- ဉာဏ်လှိုင်မင်း၊ မင်းမင်း/Myanmar Now




