ဦးအောင်မောင်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် (ငြိမ်း)ဟု ဖော်ပြလျှောက်ထားခဲ့ရာ ကနဦးတွင် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပြီးဖြစ်သော်လည်း ထပ်မံစိစစ်သည့်အခါ ၎င်းမှာ ပင်စင်စားတစ်ဦးမဟုတ်သေးသည်ကို တွေ့ရှိရကြောင်း စစ်ကိုင်းတိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်ဦးက Myanmar Now ကိုပြောသည်။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဋ)တွင် ပြဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဖြစ်သူများ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရဟူသောအချက်နှင့် ငြိစွန်းနေသဖြင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းအဖြစ်မှ ဦးအောင်မောင်းကို အောက်တိုဘာ ၁၀ ရက်တွင် ပြန်လည်ပယ်ချခဲ့ခြင်း ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now




