ရိုက်တာသတင်းထောက်နှစ်ဦးကိစ္စနဲ့ပတ်သက်ပြီးထောင်ချောက်ဆင်ဖမ်းဆီးခံရတာဖြစ်ကြောင်း တရားရုံးမှာထွက်ဆိုခဲ့ပြီးနောက် ဖမ်းဆီးအပြစ်ပေးခံထားရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို ဒီနေ့ဒီဇင်ဘာလ ၂၂ ရက်နေ့ရန်ကုန်မြို့မှာ Pen Myanmar က "လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်ကျင့်သုံးသူနိုင်ငံ့ဝန်ထမ်းဟောင်း" ဆုကိုပေးအပ်ခဲ့တာဖြစ်ပြီး ညီဖြစ်သူဦးရဲဝင့်နိုင်က တက်ရောက်ယူခဲ့ပါတယ်။

ဆုတံဆိပ်နဲ့အတူ ငွေသားဆယ့်ငါးသိန်းခြောက်သောင်းကိုလည်းပေးအပ်ခဲ့ပါတယ်။

"သူတို့ကိုကြေညာထားတာကကျွန်တော့်အကိုလိုပဲစာရွက်စာတမ်းတွေလက်ခံလို့လို့ ကြေညာတယ်သူတို့အရေးယူအပြစ်ပေးခံလိုက်ရတော့ ဖုန်းထဲကအချက်အလက်တွေနဲ့လို့သိရတာပေါ့နော်၊ သေချာတယ်အဲ့ဒီကြတော့အမှန်တရားတစ်ခုကပျောက်ဆုံးသွားတာပေါ့" လို့ဒုရဲမှူးဟောင်းမိုးရန်နိုင်ရဲ့ညီဖြစ်သူ ဦးရဲဝင့်နိုင်ကပြောပါတယ်။

အကိုဖြစ်တဲ့ဒုရဲမှူးဟောင်းနဲ့အတူ ရိုက်တာသတင်းထောက်တွေဘက်ကလေးစားစွာရပ်တည်ကြောင်းလည်း သူကပြောပါတယ်။ မကြာသေးခင်ကဟံဟာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကလည်း ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။

လက်ရှိရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကနိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့မကြာသေးခင်က ထောင်ဒဏ် ခုနှစ်နှစ်စီ အသီးသီးချမှခံထားရပြီး ဒုရဲမှူးဟောင်းမိုးရန်နိုင်ငံကတော့ မိမိကိုယ်ကို ဘယ်တရားရုံးကဘယ်လိုစီရင်ချက်ချမှတ်ခံထားရမှန်းမသိသလို ထောင်ဒဏ်အချိန်ကာလမည်မျှကြာချမှတ်ခံထားရသည်ကိုလည်း မသိရှိရကြောင်းနဲ့ တနင်္ဂနွေနေ့တိုင်းမိသားစုထောင်ဝင်စာတွေ့ခွင့်ရကြောင်း ညီဖြစ်သူဦးရဲဝင့်နိုင်ကပြောပါတယ်။

ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now)