ဘထ္ထရီအိုး သူခိုးများဟု သံသယရှိခံရသည့် ခရီးသည်များအား တင်ဆောင်လာစဉ် ရဲက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးကာလအတွင်း သေဆုံးသွားသည့် အငှားယာဉ်မောင်း သေဆုံးခဲ့ရသည့် အကြောင်းအရင်းမှန်ကို သိရှိရန် ရန်ကုန်တိုင်းလွှတ်တော်အတွင်းစစ်ဆေးမှုတွေစတင်နေပြီဖြစ်သည်။

ရန်ကုန် သံလျှင်မြို ့တွင်နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်သည် စက်တင်ဘာ ၁၂ တွင် အဆိုပါမြို ့တွင် ခရီးသည်များအား လို်က်ပို့စဉ် ဖမ်းခံခဲ့ရခြင်းဖြစ်ပြီး နှစ်ပတ်အကြာ စက်တင်ဘာ ၂၆ တွင် ကွယ်လွန်ခဲ့သည်ဟု မိသားစုဝင်များကပြောသည်။

အငှားယာဉ်မောင်းသည် ရဲလက်ထဲတွင်ရှိနေစဉ် ရဲနှင့်ရဲသတင်းပေးများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်ဟု မကြာခဏ ပြောကြားကြောင်း သူ၏မိခင် ဒေါ်အေးက စွပ်စွဲပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများ အသနားခံစာများစီစစ်ရေးကော်မတီသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အငှားယာဉ်မောင်းကိုအောင်အောင်သေဆုံးခဲ့မှုအပေါ်ရဲတပ်ဖွဲ့ဝင်မားျကို အရေးယူသင့်ကြောင်း ဒီဇင်ဘာ ၄ ရက်နေ့ကမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

၄င်းတို့၏စစ်ဆေးမှုတွင် ရဲတပ်ဖွဲ့မှ ရိုက်နှက်စစ်ဆေးခြင်းမပြုပါဟု ငြင်းဆိုထားကြောင်း၊ အလောင်းအား သဂြိုလ်ပြီးသည့်အတွက် အလောင်းအားမစစ်ဆေးရခြင်း၊ အချုပ်ခန်း စောင့်ကြည့် ကင်မရာ CCTV မရှိခြင်းတို့ကြောင့် ဆေးစစ်ချက်နှင့် လူအချို့ကိုသာ စစ်ဆေးမေးမြန်းခဲ့ရသည်ဟု လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကပြောသည်။

ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now)