စမ်းချောင်းမြို.နယ် ဗဟိုလမ်းနှင့် ကျိုက်လတ်လမ်းထောင့်ရှိ ငွေတောင်ကဖေးဆိုင်တွင် ယနေ့မနက် ၅ နာရီခန့်က လောင်ကျွမ်းခဲ့သောမီးကြောင့် ထိုဆိုင်တွင်နေထိုင်သော အမျိုးသားတစ်ဦး၊ ၎င်း၏ သမီးဖြစ်သူတစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုတင်ထက်ကိုက အတည်ပြုပြောကြားသည်။
ရှေးသစ်သားနှစ်ထပ်အိမ်အောက်တွင် ဖွင့်လှစ်ထားသော ကဖေးဆိုင်တွင် ဂတ်စ်မီးဖိုဖွင့်ရာမှ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကာ၊ ဆိုင်အပေါ်ထပ်တွင်နေထိုင်သော ဆိုင်ပိုင်ရှင် မိသားစုဝင်တစ်ချို့ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကဖေးဆိုင်ညာဖက်တွင်ရှိသော ခြောက်ထပ်ကန်ထရိုက်တိုက်အားလည်း မီးကူးစက်လောင်ခဲ့သည်။ မီးငြိမ်းသတ်နိုင်ပြီးနောက်တွင် မီးသတ်တပ်ဖွဲ.ဝင်များက မီးလောင်ပုံအတွင်းရှိ ရုပ်ကလာပ်များကို သယ်ထုတ်လာပြီး လူနာတင်ယာဉ်များပေါ်သို့ ပို့ဆောင်ခဲ့သည်။

