ဇန်နဝါရီ လ ၂၃ ရက်နေ့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျိုက်လတ်လမ်းအနီး လက်ဖက်ရည်ဆိုင်က ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ခဲ့ရာမှာ ဆိုင်အပေါ်ထပ်မှာ နေထိုင်တဲ့ မိသားစုဝင် ၃ ဦးလုံး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီအိမ်ဘေးကပ်လျက် ၄ ထပ်တိုက်ရဲ့ အခန်းတစ်ချို့လည်း မီးလောင်ကျွမ်းခဲ့တာပါ။
သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေကတော့ အသက် ၇၄ နှစ်အရွယ် ဦးမြခိုင်၊ အသက် ၈၄ နှစ်အရွယ် ဒေါ်မြမြနဲ့ အသက် ၃၈ နှစ်အရွယ် မစိုးစိုးတို့ဖြစ်ပြီး လက်ဖက်ရည်ဆိုင်က အလုပ်သမား ၂ ဦးလည်း ခြေထောက်ကျိုးသွားခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင်ဖြစ်သူ မစိမ့်စိမ့်က ပြောပါတယ်။
မီးလောင်မှုဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူတစ်ဦးက အခုလို ပြန်ပြောပြပါတယ်။
မီးလောင်ကျွမ်းရတဲ့ အဓိကအကြောင်းအရင်းက ဂတ်စ်ယိုစိမ့်နေတာကို မသိပဲ မီးမွှေးလိုက်တဲ့အတွက်ကြောင့် စတင်မီးလောင်ခဲ့ပြီး ဂတ်စ်အိုးတွေပေါက်ကွဲမှုကြောင့် တခဏအတွင်း မီးလောင်ကျွမ်းမှု ကြီးမားခဲ့တယ်လို့ စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၂၄ရက် မနက်ဖြန်မှာ သဂြိုလ်ကြမှာဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၁၇၇ သိန်း ၅ သောင်း ရှိခဲ့တယ်လို့ စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now)

