သတင်း

စဉ့်ကူးနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ၅ ဦးသေဆုံးခဲ့ 

မန္တလေးတိုင်း သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်တွင် ယမန်နေ့ (မတ် ၁၅) က အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲများက နှစ်ဖက်ညှပ်ပိတ်ဆို့ကာ အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့သည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးအသင်းက Myanmar Now ကို အတည်ပြုသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များသည် သပိတ်ကျင်းမြို့နယ်၏မြောက်ဘက် မိုးကုတ်ဘက်မှ စစ်ကား(၅)စီးဖြင့်တစ်ဖွဲ့၊ တောင်ဘက်စဉ့်ကူးမြို့နယ်ဘက်မှ စစ်ကား(၅)စီးဖြင့်တစ်ဖွဲ့ လာရောက်ကာ အင်အားအလုံးအရင်းဖြင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်ခဲ့ရာ ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်နှင့် ရဲများ၏ ပစ်ခတ်မှုကြောင့် ချောင်းကြီးကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ် ဦး၊ နွယ်ရုံကျေးရွာမှ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ကျည်တောက်ပေါက်ကျေးရွာမှ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးနှင့် အသက်အရွယ်မသိရသူ အခြားအမျိုးသားတစ်ဦး၊ ကံပျိုကျေးရွာမှ အသက်အရွယ်မသိရသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ရွာက ၁၅ နှစ် အမျိုးသမီးတစ်ဦး ရင်ဘတ်ကျည်ထိပြီး ဆုံးတယ်။ အိမ်ထဲမှာ နေရင်းပစ်ခံရတာ။ တစ်ယောက်က လက်ထိတယ်၊ အခုဆေးရုံမှာက ရွာက ၂၀ ဦးလောက် ဒဏ်ရာရထားတယ်” ဟု ချောင်းကြီးကျေးရွာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ် စိုးရိမ်ရသူများလည်း ရှိပြီး ချောင်းကြီးကျေးရွာမှ လူ ၁၄ ဦး ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်ကျေးရွာများမှ ဖမ်းဆီးမှုအခြေအနေကိုမူ မသိရသေးဟုလည်း ၎င်းက ပြောသည်။ 

အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက သပိတ်ကျင်းမြို့နယ်ရှိ  ချောင်းကြီးကျေးရွာကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်နေစဉ် စဉ်းကူးမြို့နယ်မှ တပ်များက အကူအညီပေးရန်သွားရောက်ရာ တွင် ပိတ်ဆို့ထားသည့် ဒေသခံများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ နွယ်ရုံကျေးရွာမှ မဂျူးဂျူးက Myanmar Now ကို ပြောသည်။

“ညကဒဏ်ရာရသူတွေ ဆေးရုံပို့ဖို့ရာ လူနာတင်ကားလည်း ခေါ်လို့မရဘူး။ မန္တလေးလည်း မသွားရဲကြ ဘူး။ ခုမနက်မှ မြို့ဆေးရုံပို့ကြရတာ။ ဆီးခုံထိတဲ့တစ်ယောက်ဆို အသက်တော်တော်စိုးရိမ်နေရတယ်။  ဆေးကုသဖို့လည်း သူတို့က ပိုက်ဆံမရှိဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့များသည် ယမန်နေ့တွင် ထိုသို့ အကြမ်းဖက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ ပြီး ယနေ့ (မတ် ၁၆) တွင်လည်း ချောင်းကြီးကျေးရွာကို အင်အားအများအပြားဖြင့် စီးနင်းစောင့်ကြပ်မှု များနေကြောင်း ဒေသခံများက ပြောသည်။

“ညက သူတို့သေနတ်နဲ့ ကျည်တွေ ကျန်ခဲ့တယ်ဆိုပြီးအ ခုလာရှာတယ်။ သေနတ်ကိုပြန်တွေ့တယ်။ ကျည်ဆန်တွေ မတွေ့ဘူး။ ငါးနာရီအချိန်ပေးမယ်။ မတွေ့ရင် တစ်ရွာလုံးကို ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ထားတယ်” ဟု ချောင်းကြီးကျေးရွာ ရွာသားတစ်ဦးက ဆိုသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့်စဉ့်ကူးမြို့နယ်တို့သည် စစ်တပ်အများအပြား အခြေအစိုက် နေရာယူထားသော နေရာများဖြစ်သော်လည်း ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုအနိုင်ရရှိသော မြို့နယ်များဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ မတ်လ ၁၅ ရက်နေ့ထိ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၁၈၃ ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Show More

Related Articles

Back to top button